၃၀. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံတောင်ပိုင်းက ပြည်နယ်သုံးခုဖြစ်တဲ့ ယာလာ၊ နရသီဝပ်နဲ့ ပတ္တနီတို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူ ၁၂ ဦးထက်မနည်း မြင့်တက်လာနေတယ်လို့ ထိုင်းမီဒီယာတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရေကြီးမှုကြောင့် နရသီဝပ်မှာ ၈ ဦး၊ ယာလာမှာ ၃ ဦးနဲ့ ပတ္တနီမှာ ၁ ဦး သေဆုံးခဲ့ပြီး အခုလက်ရှိမှာတော့ ယာလာနဲ့ နရသီဝပ် တို့မှာ ရေတွေပြန်လည်ကျဆင်းနေပေမဲ့ ပတ္တနီရဲ့ အခြေအနေကတော့ စိုးရိမ်ရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနက လူပေါင်း ၇၀၀၀ နီးပါးကို ထောက်ပံ့ဖို့အတွက် ပြည်နယ် ၃ ခုမှာ စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၄၃ ခု ဖွင့်လှစ်ထားပြီး ထိုင်းအစိုးရ ရထားလမ်းက တောင်ဘက်လမ်းကြောင်းဟာလည်း နရသီဝပ်မှာ ရေလွှမ်းမိုးမှုကြောင့် ယာလမှာ ရပ်နားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စိုင်းဘူရီမြစ်တလျှောက် ဆယ်စုနှစ်ငါးစုလောက်အတွင်း ရေကြီးရေလျှံမှု အမြင့်ဆုံးဖြစ်ခဲ့တယ်လို့လည်း ပတ္တနီမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပတ္တနီ၊ နရသီဝပ်နဲ့ ယာလာပြည်နယ်တို့ဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ တောင်ပိုင်းပြည်နယ်ငါးခုထဲမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ ပြည်နယ်တွေဖြစ်ပြီး သဘာဝဘေးကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ခရိုင် ၂၅ ခုမှာ ရေဘေးဒဏ်သင့်ခဲ့ရတဲ့ မိသားစု စုစုပေါင်း ၉၃,၂၂၀ စု ရှိကြောင်း သိရပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News