၂၉. ၁၂. ၂၀၂၃
Written by Min Mahar

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာသောအလုပ်သင် ဒုရဲအုပ်ရဲမေ(စခန်းအခေါ် ဂျက်မ)ကို PDF နှစ်ဦးက နောက်ကချောင်းမြောင်းကာ သေနတ်ဖြင့် ပစ်သတ်သွားမှု မန္တလေးမြို့တွင် ယနေ့ညနေစောင်းပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၉ ရက်)ညနေ ၅ နာရီထိုးခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်၊ မောင်ကိန်း ရွှေဆိုင်အနီးတွင် အလုပ်သင် ဒုတိယရဲအုပ် ရဲမေတစ်ဦး(စခန်းအခေါ် ဂျက်မ)သည် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးလုပ်ငန်းတာဝန်များပြီးဆုံး၍ ၎င်းနေထိုင်သည့် အမှတ်(၃)နယ်မြေရဲစခန်းသို့ Kenbo 125 အနက်ရောင်ဆိုင်ကယ်ဖြင့် ၂၉ လမ်းအတိုင်းအနောက်မှ အရှေ့သို့ မောင်းနှင်လာပြီး လမ်း ၈၀ မြောက်ဘက်သို့ ချိုးကွေ့ရန် လမ်း ၈၀ နှင့် ၂၉ လမ်းထောင့်တွင် လမ်းမရှင်းသေး၍ ရပ်စောင့်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိ PDF နှစ်ဦးက ​ေနောက်ကနေ သေနတ်နှင့်ချောင်းမြောင်းပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက” အမှတ် ၃ ရဲစခန်းက အလုပ်သင် ဒုရဲအုပ် ရဲမေတစ်ယောက် ပစ်ခံရတယ်။ သူက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အလုပ်သင်တာဝန်နဲ့ စခန်းကနေသွားပြီး တာဝန်ထမ်းဆောင်ရတာပါ။ ညနေရုံးဆင်းလို့ သူနေတဲ့ရဲစခန်းနေအိမ်ကိုပြန်တဲ့ အပြန်လမ်းမှာ ပစ်ခံရတာ။ နေရာမှာတင် ပွဲချင်းပြီး သေတယ်လို့လည်းကြားတယ်။ အချို့ကတော့ ဆေးရုံရောက်မှ သေတယ်လို့လည်းကြားတယ်။ အဲ့ဒီရဲမေက အခုမှအလုပ်သင်တစ်နှစ်ကွင်းဆင်းနေတုန်း အသတ်ခံရတာပါ။ အလုပ်သင်တာဝန်တောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒုရဲအုပ် ရဲမေသည် ဝဲဘက်လည်ပင်းကို ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။

ထိုအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပစ်ခတ်သူများကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းနှင့် မန္တလေးမြို့ပေါ်နေရာတော်တော်များများတွင် ယနေ့ပိုင်းက ယခင်နေ့များထက် အစစ်အဆေးများပိုမိုများပြားနေကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဒေသတွင်း PDF အဖွဲ့မှ လုပ်ကြံမှုဖြစ်ကြောင်းကို ၎င်းတို့ MDY Revolution တယ်လီဂရမ်ချန်နယ်တွင်လည်း “အပစ်ခံရသူမှာ ဂျက်မ နာမည်ဖြင့် ဒုရဲအုပ်ဘဲဥမ တစ်ကောင်ဖြစ်တယ်လို့ သတင်းရရှိပါတယ်ခင်ဗျာ။ Mission ရဲဘော်များလည်း ဘေးကင်းလုံခြုံရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းပို့လာပါတယ်ခင်ဗျာ” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

အသတ်ခံရသော ဒုရဲအုပ် ရဲမေသည် အမှတ်(၃)နယ်မြေရဲစခန်းမှ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ရန်အတွက် အလုပ်သင်တာဝန်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ အလုပ်သင်ကာလ ၁ နှစ်တွဲဖက်အဖြစ်ပြောင်းလာပြီး ရက်ပိုင်းခန့်သာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခုလိုချောင်းမြောင်းပစ်သတ်ခံရခြင်း ဖြစ်သည်။ 
 
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့(မြောက်ပြင်)ရပ်ကွက်၊ ၇၉ လမ်းနှင့် လမ်း ၈၀ ကြား၊ ၉ လမ်းပေါ်တွင် နယ်ထိန်း ရဲတပ်သားဆိုသူ တစ်ဦးလည်းပစ်သတ်ခံရကြောင်း သိရသည်။ ထို့ပြင် အောက်တိုဘာ ၈ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက် ၊ ၁၉ လမ်း၊ ၈၆လမ်းနှင့် ၈၇ လမ်းကြားရှိ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်​ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးအဖွဲ့က တပ်ကြပ်ကြီး တစ်ယောက်လည်း ပစ်သတ်ခံရကြောင်း သိရသည်။

#ပွင့်လင်းမြန်မာ
#mtnews #မန္တလေး #PDF #ဘဲဥ #ဒုရဲအုပ်
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *