၂၉. ၁၂. ၂၀၂၃
Written by Pan Ei

ဩစတေးလျတောင်ပိုင်းပြည်နယ်မှာ မေလကနေ ဒီဇင်ဘာလအထိ ၈ လအတွင်း တတိယအကြိမ်မြောက် ငါးမန်းတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ရေလွှာလျှောစီးသူ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ဆယ်ကျော်သက် အမျိုးသားငယ်ဟာ Khai Cowley လို့အမည်ရသူဖြစ်ပြီး သူ့ရဲ့မွေးရပ်မြို့ အဒဲလိဒ် ရဲ့ အနောက်ဘက်ရှိ ရောခ်ကီးကျွန်းဆွယ်က ဝေးလံခေါင်သီတဲ့ အီသယ်လ်ကမ်းခြေမှာ ဖခင်နဲ့အတူ လှိုင်းစီးနေစဉ် ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၈ ရက်) က ငါးမန်းဖြူကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သူ့ကို ကမ်းစပ်ကို ခေါ်သွားကာ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးခဲ့ပေမဲ့ အသက်ပြန်ရှင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလနဲ့ အောက်တိုဘာလတွေမှာလည်း သြစတြေးလျတောင်ပိုင်းက ဝေးလံခေါင်သီတဲ့နေရာတွေမှာ ငါးမန်းတိုက်ခိုက်မှုအတွင်း ရေလွှာလျှောစီးသူတွေ သေဆုံးခဲ့ပြီး သူတို့ရဲ့အလောင်းတွေကိုတော့ ပြန်မရရှိခဲ့ပါဘူး။

ဩစတေးလျတောင်ပိုင်း ဝန်ကြီးချုပ် ပီတာ မာလီနာစကာစ်က ပြည်နယ်ရဲ့ ရေပြင်မှာ ၂၀၀၀ ပြည့်နှစ်ကတည်းက ငါးမန်းတိုက်ခိုက်မှု ၁၁ ကြိမ်ရှိပြီလို့ ပြောကြားခဲ့ပြီး ကြာသပတေးနေ့က အီသယ်လ် သဲသောင်ပြင်မှာ တိမ်ထူထပ်နေတဲ့ အခြေအနေတွေက ငါးမန်းတွေကို တိုက်ခိုက်ဖို့ ခွန်အားဖြစ်စေခဲ့တယ်လို့ ငါးမန်းကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။

Ref; abc news

Leave a Reply

Your email address will not be published. Required fields are marked *

Related News