အရှေ့တောင်အာရှမှ အွန်လိုင်းလိမ်လည်မှုများပပျောက်ရန် နိုင်ငံစုံ ဝိုင်းဝန်းနှိမ်နင်းရန်လိုအပ်ဟု ရေးသား

၂၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ရောက်ရှိအခြေစိုက်နေကြတဲ့ ဒုစရိုက်ဂိုဏ်းတွေက လူကုန်ကူးခေါ်ယူထားတဲ့သူတွေကို အဓမ္မဖိအားပေးခိုင်းစေကာ အွန်လိုင်းကနေ ရိုက်စားလိမ်ညာမှုအမျိုးမျိုးပြုလုပ်ပြီး အွန်လိုင်းပေါ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေဆီက ဒေါ်လာ သန်းနဲ့ချီ ရယူနေကြတယ်လို့ စီအန်အန်သတင်းတွေက ဆိုပါတယ်။

လူကုန်ကူးမှုခံထားရသူတွေဟာ ထိုင်းနယ်စပ်အနီး အခြေစိုက်ထားတဲ့ အွန်လိုင်းလိမ်စားစခန်းတွေမှာ ရောက်ရှိပြီး ပစ်မှတ်ထားတဲ့သူတွေဆီကနေ အွန်လိုင်းကတစ်ဆင့် ငွေကြေးအများအပြားရရှိရေးအတွက် လိမ်လည်လှည့်ဖြားမှုတွေပြုလုပ်ဖို့ အတင်းအဓမ္မခိုင်းစေခံနေရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အင်္ဂလိပ်လိုတော့ Pig Butchering(ဝက်အသားပေါ်သတ်ခြင်း) ဆိုတဲ့ အယောင်ဆောင် လိမ်လည်ပရိယာယ် ဇာတ်လမ်းတစ်ခုမှာဆိုရင်လည်း လိမ်လည်ခံရတဲ့ အနုပညာရှင်တွေဆီကနေ ငွေကြေးတွေ ပိုလို့ ပိုလို့ ရရှိနေတာကိုတွေ့ရမှာပါ။ လိမ်လည်သူတို့ကလည်း အွန်လိုင်းမှာ ငယ်ရွယ်ချောမောတဲ့အမျိုးသမီးငယ်လေးတွေဟန်ဆောင်ပြီး လိမ်လည်လှည့်ဖြားမှုကို ပြုကြတာပါ။

အွန်လိုင်းရိုက်စား လိမ်လည်သူတွေက သူတို့ပစ်မှတ်ထားသူတွေထံ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ရင်းနှီးဆက်သွယ်မှုရယူနိုင်ကြပြီး သူတို့ကို ဒစ်ဂျစ်တယ်ငွေကြေးနဲ့လည်းမိတ်ဆက်ပေးပါတယ်။ ဒီနောက်မှာတော့ အမှန်တကယ်ရှိတဲ့ ကုန်သွယ်ရေးကုမ္ပဏီတစ်ခုရဲ့ အက်ပလီကေးရှင်းလို အွန်လိုင်းမှာ အယောင်ဆောင်ကိုယ်ပွားဖန်တီးထားတဲ့ဆီမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုခိုင်းတာပါပဲ။

လိမ်လည်ခံရသူတွေအဖို့ ရင်းနှီးမြှုပ်နှံမှုကြီးမားလာစေဖို့ လှုံဆော်သွေးထိုးပေးခြင်းလည်း ခံရပါတယ်။ ဒါပေမယ့် ယုံကြည်မှုရရှိစေဖို့ သူတို့အတွက် ပြန်ရငွေ တချို့ရှိအောင်လည်း ဖန်တီးပေးထားပါတယ်။ ဒီတော့ကာ အယုံမိသူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဝက်ဟာ သားသတ်သမားအတွက်အဆင်သင့်ဖြစ်အောင် တဖြည်းဖြည်းချင်း အသားတွေတိုးလာရသလို များပြားလာတာကြောင့် Pig Butchering လို့ ဒီလိမ်ညာရိုက်ချက်ကို အမည်ပေးကြတာပါပဲ။ ဒီအခြေအနေရောက်လာပြီဆိုရင်တော့ သိပ်မကြာပါဘူး။ လိမ်လည်လှည့်ဖြားသူက ပိုက်ဆံတွေနဲ့အတူပျောက်သွားတော့တာပါပဲ။ အသားပေါ်လာပြီဖြစ်တဲ့ ဝက်အဖို့ သားသတ်သမားရဲ့လက်ချက်မိသွားပြီလို့ဆိုရမှာပါ။

အမေရိကန်ပြည်ထောင်စုက ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို(FBI) မှာ အထူးစုံထောက်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ် ဘာနာကယ်လ် က “ဒီလုပ်ရပ်တွေက တကယ့်ကို ပိပိရိရိ စည်းစနစ်ကျကျ လိမ်လည်မှုတွေပဲ။ အမေရိကန်ပြည်သူတွေရော။ တခြားကမ္ဘာ့ပြည်သူတွေပါ ဒီလိမ်ညာမှုတွေကို ပိုလို့ခံနေကြရတာ တွေ့လာနေရတယ်”လို့ သတိပေးခဲ့ပါတယ်။ FBI ရဲ့ စုံစမ်းထောက် လှမ်းတွေ့ရှိချက်တွေအရ ၂၀၂၀ ပြည့်နှစ်အတွင်း ဒီလို အွန်လိုင်းလိမ်ညာမှုတွေမှာ ရိုက်စားလုပ်ခံရပြီး ငွေကြေးဆုံးရှုံးမှု ဒေါ်လာ ၉၀၇ သန်းခန့်ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာဆိုရင် နိုဝင်ဘာလအထိစာရင်းတွေအရ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံအထိ မြင့်တက်လာတာကို ကြောက်မက်ဖွယ်တွေ့ခဲ့ရပါတယ်။

ကုလသမဂ္ဂခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံအတွင်း ဒီလို အွန်လိုင်းက လိမ်စားနေတဲ့စခန်းတွေမှာ လူ ၁၂၀,၀၀၀ ရှိနေပြီး ကမ္ဘောဒီးယား အခြားနေရာတွေက အလားတူစခန်းတွေမှာလည်း လူတစ်သိန်းကျော်ရှိမယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်စပ်တွေဆက်စပ်နေရာဒေသဟာလည်း ဒုစရိုက်မှုတွေကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေအတွက် အချက်အခြာကျလှတဲ့ဈေးကွက်ဒေသပါ။ အဆိုပါ ရွှေတြိဂံဒေသက နိုင်ငံသုံးခုကြားရှိနေပြီး ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံး ဒေသတစ်ခုအဖြစ်လည်းနှစ်ပေါင်းများစွာက တည်ရှိခဲ့တာပါ။

Pig Butchering အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေက ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ဦးဆောင်မှုနဲ့ လည်ပတ်ဆောင်ရွက်နေကြရာက ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ်တို့မှာ ကမ္ဘောဒီးယားအစိုးရရဲ့ နှိမ်နင်းမှုကြောင့် အများအပြားက နိုင်ငံရေးအရမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့နယ်စပ်တွေကိုရောက်လာတာပါ။

ထိုင်းအစိုးရကလည်း အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဒါတွေကိုလုပ်ဆောင်ဖို့ အွန်လိုင်းကနေ မက်လုံးပေးလိမ်ညာခေါ်ယူကာ လူကုန်ကူးမှုတွေနဲ့ပတ်သက်လို့ ပြည်သူတွေအကြား အသိပညာပေးမှုတွေပြုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားများစွာဟာ အာရှဒေသအတွင်း အွန်လိုင်းလိမ်ညာစခန်းတွေမှာ အလုပ်လုပ်ဖို့ အပတ်စဉ် လူကုန်ကူးခံနေရတာ တွေ့နေရဆဲပါ။

မြန်မာအစိုးရအာဏာပိုင်တွေကလည်း ကျား‌ဖြန့် လို့ခေါ်တဲ့ အွန်လိုင်းလိမ်ညာမှုဂိုဏ်းတွေကို စက်တင်ဘာလကစပြီး နှိမ်နင်းလာခဲ့ရာမှာ နိုဝင်ဘာလအထိ တရုတ်နိုင်ငံကို သံသယရှိရသူ ၃၁,၀၀၀ ကျော် ပြန်လွှဲပေးခဲ့ပါပြီ။

နောက်ဆုံးသုံးသပ်ချက်အနေနဲ့တော့ အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်မှုအားလုံး အမြစ်ပြတ်ချေမှုန်းနိုင်ဖို့က ဒေသတွင်းနိုင်ငံများသာမကဘဲ နိုင်ငံစုံက ဝိုင်းဝန်းနှိမ်နင်းဖို့လိုမယ်လို့ ယူဆမိပါတယ်။

Ref-Daily Express US

Leave a Reply

Your email address will not be published. Required fields are marked *

Related News