၂၉. ၁၂. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ နယူးပေါ့ နယူးစ်မြို့က မူလတန်းကျောင်းတစ်ခုမှာ ဆရာမကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ခြောက်နှစ်အရွယ် ကလေးငယ်ရဲ့ မိခင်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ မိခင်က အသက် ၂၆ နှစ်အရွယ် ဒီဂျာတေလာလို့ အမည်ရတဲ့ အမျိုးသမီးဖြစ်ပြီး ငါးနှစ်ထက် ပိုကြာနိုင်တဲ့ စီရင်ချက်ချမှုကို လျှော့ပေါ့ပေးဖို့ အစိုးရရှေ့နေတွေနဲ့ အသနားခံစာ လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဂျာတေလာဟာ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီးကလေးသူငယ်ကို လျစ်လျူရှုမှု၊ လစ်ဟင်းမှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အခုနှစ် ဇန်နဝါရီလက တေလာရဲ့သားဖြစ်သူ အသက် ၆ နှစ်အရွယ် ကလေးငယ်က သူမရဲ့ ပိုက်ဆံအိတ်ထဲက သေနတ်တစ်လက်ကို ယူဆောင်ကာ သူ့ရဲ့ပထမတန်းကျောင်းဆရာမ Abby Zwerner ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဆရာမ Zwener က သေနတ်ဒဏ်ရာကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ နှစ်ပတ်နီးပါးအတွင်း ခွဲစိတ်မှုငါးကြိမ်ပြုလုပ်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲမှတ်တမ်းတွေအရ တေလာရဲ့သားဟာ မူလတန်းကျောင်းက ဝန်ထမ်းတစ်ဦးကို “ကျွန်တော်လုပ်ခဲ့တာ။ မနေ့ညက အမေ့သေနတ်ကို ယူခဲ့တယ်”လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ ရှေ့နေ James Ellenson ကတော့ စီရင်ချက်ကို သဘောမတူကြောင်း ပြောကြားခဲ့ပေမဲ့ အထက်တရားရုံးက စီရင်ချက်ကို ပြန်လည်သုံးသပ်ဖို့ ကြာမယ့်အချိန်ဟာ ထောင်ဒဏ်ထက် ပိုကြာနိုင်တာကြောင့် အယူခံဝင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

အခုလက်ရှိမှာ ၆ နှစ်အရွယ် ကလေးငယ်ကတော့ စွဲချက်အတင်မခံရဘဲ တခြားကျောင်းမှာ တက်နေပြီလို့ သိရကာ ဆရာမ Zwerner ကတော့ ကလေးငယ်မှာ သေနတ်ကိုင်ဆောင်ထားကြောင်း သတိပေးချက်တွေကို အုပ်ချုပ်ရေးမှူးတွေက လျစ်လျူရှုခဲ့တယ်လို့ စွပ်စွဲကာ နယူးပေါ့ နယူးစ်မြို့က ကျောင်းရှိတဲ့ ခရိုင်ကို ဒေါ်လာ သန်း ၄၀ (ပေါင် ၃၁.၄ သန်း) နဲ့ တရားစွဲဆိုထားပါတယ်။

Ref; CBS News

Leave a Reply

Your email address will not be published. Required fields are marked *

Related News