၁၈. ၁၂. ၂၀၂၃
Written by Nay Moe

တရုတ်အစိုးရအနေနဲ့ SAC အစိုးရကို ထောက်ခံပံ့ပိုးနေမယ်ဆိုရင် မြန်မာပြည်သူတွေကလည်း တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို တော်လှန်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့ပေါင်း ၂၅၅ ဖွဲ့က ဒီဇင်ဘာ ၁၇ ရက် ရက်စွဲနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို လိပ်မူပေးပို့ခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ ဖိလစ်ပိုင်သမ္မတကတော့ မြန်မာနိုင်ငံကို ကူညီပံ့ပိုးဖို့ အာဆီယံက အသင့်ရှိနေဖို့ ပြောလာတာကို တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းဖို့ SAC နဲ့ ဆွေးနွေးရာမှာ ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပြောလာတာ၊ မြန်မာနိုင်ငံမှာ ပေါက်ကွဲစေတဲ့ပစ္စည်းနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှု မြင့်တက်နေပြီး ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် သေဆုံးသူ ၁၅၃ ဦး ဒဏ်ရာရသူ ၇၀၃ ဦး၊ စုစုပေါင်း ၈၅၈ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ရာခိုင်နှုန်း ၂၂၀ မြင့်တက်လာတယ်လို့ UNICEF ပြောလာတာ၊ နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်က လူသတ်ဖြတ်ခံရမှု မြင့်တက်လာခဲ့ပြီး လူပေါင်း ၁၅၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်တဲ့ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများလေ့လာချက်စစ်တမ်း(Global Study on Homicide ) က ဖော်ပြလာပြီး ဒီစစ်တမ်းမှာပဲ PDF တွေဟာ စစ်တပ်သတင်းပေးအဖြစ် သံသယရှိသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကိုယ်တိုင်ဝန်ခံပြောဆိုထားတဲ့အကြောင်း ဖော်ပြလိုက်တာတွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်လာတာ၊ PDF တွေက Bluetooth Speaker သုံးပြီး ဖောက်ခွဲတိုက်ခိုက်လာတာနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့သော့ချက်က ပြည်သူတွေ လက်ထဲမှာ ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောလာတာကို တင်ပြချင်ပါတယ်။

ကမ္ဘာ့ဘိန်းအများဆုံးထုတ်လုပ်တဲ့ မြန်မာ

မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှု ၁၁၆၄၀၀ ဧကနဲ့ အာဖဂန်နစ္စတန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဘိန်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ကပြောလာချိန်မှာပဲ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က “မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးပြဿနာတွေက နေရာတိုင်းမှာစစ်ပွဲတွေအဖြစ် အရှိန်မြင့်တက်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးရောင်းချမှုကနေ ဝင်ငွေရရှိဖို လိုအပ်တယ်။ ကျွန်တော်တို့ဟာ နယ်စပ်ဒေသကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ဖို့လိုအပ်တယ်” လို့ ပြောလာတာကို တွေ့ရပါတယ်။

လက်ရှိမှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုကြည့်မယ်ဆိုရင် NUG ဟာ အလှူခံ၊ လေလှိုင်းပေါ်က ငွေရှာပြီး တိုက်နေတာလို့ ပြောလို့ရပေမဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့သုံးဖွဲ့နဲ့ KIA နဲ့ KNU တို့ကတော့ ဘယ်ကရတဲ့ဝင်ငွေနဲ့ တိုက်နေတာလဲလို့ မေးခွန်းထုတ်မယ်ဆိုရင်တော့ ထိုင်းဝန်ကြီးချုပ်ပြောသလို စစ်တိုက်ဖို့ မူးယစ်ဆေးပိုထုတ်နေတာကနေ ဝင်ငွေရတယ်လို့ သုံးသပ်ရမှာပါ။ အခြားတစ်ဖက်မှာလည်း လက်နက်ကိုင်တွေ အခြေစိုက်ပြီး မြန်မာနိုင်ငံမှာ ဘိန်း အဓိက စိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်ဟာ တစ်နိုင်ငံလုံးဘိန်းစိုက်ဧရိယာရဲ့ ၈၈ ရာခိုင်နှုန်းရှိပြီး တစ်ဟက်တာကို ဘိန်းအထွက်နှုန်း ၁၉ ဒသမ ၈ ကီလိုဂရမ်ကနေ အခုနှစ်မှာ ၂၉ ဒသမ ၄ ကီလိုဂရမ်အထိ မြင့်တက်လာတယ်လို့လည်း UNODC က ဖော်ပြခဲ့ပါသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဘိန်းစိုက်၊ မူးယစ်ဆေးထုတ်ပြီး စစ်တိုက်နေကြ၊ ဘုရင်လိုနေကြတယ်ဆိုတာကလည်း အခုမှ ထွက်လာတဲ့စစ်တမ်းတွေမဟုတ်ဘဲ အရင်ကတည်းက ဒီလက်နက်ကိုင်တွေဟာ မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးနေကြတယ်ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတွေက အမြဲတမ်းထွက်ပေါ်နေခဲ့တာပါ။ နွေဦးတော်လှန်ရေးကြောင့် ဒီစစ်တမ်းတွေ မှေးမှိန်သွားရာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Country Reports on Terrorism 2022 ထွက်လာချိန်နဲ့ လက်နက်ကိုင်တွေ စစ်တိုက်ဖို့ဘိန်းစိုက်နေတယ်ပြောလာတာတွေ ချိန်ကိုက်ဖြစ်နေတာကိုလည်း တွေ့ရလို့ ကမ္ဘာကြီးဟာ တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်အကြမ်းဖက်ကြသူတွေအပေါ် အမြင်မှန်ပြန်ရပြီလား တွေးစရာပါ။

Bluetooth Speaker သုံးပြီး ဗုံးခွဲလာတဲ့ PDF

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ညနဲ့ ၁၆ ရက်က ရန်ကုန်တိုင်းက မြို.နယ်တွေမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ လွတ်မြောက်နယ်မြေတွေကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ PDF အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းထားတဲ့ Alpha Operation ရဲ့ ပထမဆုံးစမ်းသပ်စစ်ဆင်ရေးဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လာပါတယ်။

ဒီစစ်ဆင်ရေးကို ကမ်ပိန်းအသွင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး နည်းပညာသုံးမိုင်းတပ်ဆင်ထားတဲ့ Bluetooth Speaker ကို တပ်စွဲထားတဲ့နေရာနဲ့ ပြည်သူ့စစ်တွေ စုစည်းလေ့ရှိတဲ့နေရာ အနီးအနားမှာ ထားရှိဆောင်ရွက်ခဲ့ပြီး ပေါက်ကွဲမှုမဖြစ်မီ ပထမအဆင့်မှာ အသံသပိတ်အဖြစ် Bluetooth Speaker က ကမ်ပိန်းနဲ့ပတ်သက်လို့ ရှင်းပြတာ၊ စပီကာကို မထိ ၊ မကိုင် ၊ မပိတ်ဖို့ သတိပေးတာတွေ လုပ်နေမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ စပီကာကို ပိတ်တဲ့၊ ဖယ်ရှားတဲ့၊ ဖျက်ဆီးတဲ့သူရှိရင် သတ်မှတ်ထားတဲ့ အချိန်အတွင်း စပီကာတွေက မိုင်းအဖြစ် ပေါက်ကွဲတာဖြစ်ပါတယ်။ MT News သတင်းဌာန စုံစမ်းမှုအရ ဒီဇင်ဘာ ၁၅ ရက်ညမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့မြိုနယ်တွေက ဗိုလ်တထောင်၊ ဒလ၊ အလုံ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ တာမွေ၊ တောင်ဒဂုံမြို့နယ်တွေက ၁၀ နေရာဖြစ်ပြီး ဒီဖြစ်စဥ်မှာ သာမန်ပြည်သူ ၁၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မနက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်အရှေ့ပိုင်းမြိုနယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေးမှာလည်း ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက လမ်းဘေးမှာ စက္ကူပုံးတစ်ပုံးတွေ့တာကြောင့် စက်ဘီးစီးလာသူနှစ်ဦးအနက် ဦးထူးငယ်ဆိုသူကဆင်းပြီး စက္ကူပုံးဖွင့်ကြည့်ချိန် ပေါက်ကွဲမှုဖြစ်လို့ ပေါက်ကွဲမှုကြောင့် ဦးထူးငယ်ဟာ ရင်ဘတ်ဗုံးစထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရပြီး အတူပါလာတဲ့ ဦးမြင့်ဆိုင်က ညာခြေသလုံးဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ထိခိုက်သူတွေဟာ အထည်ရောင်းသူ၊ ဆိုက္ကားနင်းသူ၊ အမှိုက်ကောက်သူ၊ ကျပန်းလုပ်သူ စတဲ့ သာမန်ပြည်သူတွေပဲ ထိခိုက်သေဆုံးခဲ့တာလို သိရပေမဲ့ Alpha Operation ကတော့ ဒီလူတွေအားလုံးကို ဒလန်၊ ပျုစောထီးလို့ အမည်တပ်ပါတယ်။

PDF တွေ ဗုံးထည့်ခွဲနေတဲ့ Bluetooth Speaker တွေဟာ တစ်လုံးကို တစ်သိန်းပတ်ခြာလည်မှာ ရှိနေတာဖြစ်ပြီး ဒီလိုမျိုး မိုင်းထောင်ထားတယ်ဆိုတာကို သာမန်အခြေခံလူတန်းစားကတော့ သိရှိတွေးဆနိုင်မှာ မဟုတ်ဘဲ လမ်းဘေးမှာ တစ်သိန်းလောက်တန်တဲ့ စပီကာမြင်ရင် ကောက်ယူကြမှာပါပဲ။ အဲဒီလိုအချိန်မှာ ဗုံးကွဲမှာဖြစ်ပြီး ဗုံးကောက်မိလို့ ကွဲတာနဲ့ ပျုစောထီးတို့၊ ဒလန်တို့ အမည်တပ်ရှင်းလင်းခံရမှာဖြစ်သလို သေတာတောင် နာမည်အဖျက်ခံရတဲ့ဘ၀ ပြည်သူတွေ ရင်ဆိုင်ကြရဦးမဲ့ အခြေအနေလို့ ပြောရတော့မှာဖြစ်ပါတယ်။

ပြည်သူ့လက်ထဲရှိနေတဲ့ ငြိမ်းချမ်းရေးသော့ချက်

မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေက ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး အခက်အခဲပြဿနာတွေကို ဖြေရှင်းရေးအဓိကသော့ချက်က မြန်မာပြည်သူတွေရဲ့ လက်ထဲမှာပဲရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့အပြီးမှာ ထုတ်ဖော်ပြောကြားခဲ့သလို ပဋိပက္ခဖြေရှင်းရေးဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိတဲ့အပြင် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက်လည်း အကျိုး ကျေးဇူးဖြစ်စေမယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

ဒီနေရာမှာ ဝမ်ယိပြောလာတဲ့စကားကို ပြန်ချိန်ဆမယ်ဆိုရင် မြန်မာ့ပဋိပက္ခတွေ ဖြေရှင်းရေးသော့ချက်က မြန်မာပြည်သူတွေလက်ထဲပဲရှိတယ်ဆိုတာ မှန်တယ်လို့ပြောရမှာပါ။ လက်ရှိမှာ ပြည်သူလူထုဟာ NUG နဲ့ PDF ကို မထောက်ခံမိတာနဲ့ “ဒလန်၊ သူလျှို”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်စဖျောက်ခံနေရတာကြောင့် အကြောက်တရားတွေအောက်မှာ စစ်ပွဲတွေကို ထောက်ခံ၊ ထောက်ပံ့နေရတဲ့အသွင် မြင်နေရပါတယ်။ စစ်ပွဲတွေ ထောက်ခံနေတာကြောင့်လည်း မြို့ ၂၀ လောက် ပျက်သွားခဲ့ပြီဖြစ်သလို ပြည်သူလူထု ၆ သန်းနီးပါးကလည်း အိုးပျက်၊ အိမ်ပျက်၊ အသက်စည်းစိမ်ပျက်ပြီး ဒုက္ခသည်အဖြစ်နဲ့ စစ်ရှောင်နေရပါတယ်။ ဒီနေရာမှာ ၂၀၂၃ မှာ ဆုံးခန်းတိုင် အောင်မြင်မယ်ဆိုတဲ့ တော်လှန်ရေးကလည်း မြို့ ၂၀ လောက် သိမ်းထားတယ်ဆိုတာနဲ့ ရပ်သွားသလို စစ်ရေးအချက်အခြာကျတဲ့နေရာတွေကလည်း ထိကိုမထိနိုင်သေးတာကြောင့် ဒီစစ်ကို ထောက်ခံနေသရွေ့တော့ နောက်ဆယ်နှစ်လည်း ကြာသွားနိုင်သလို အနှစ် ၂၀ မကြာသွားဘူးလို့လည်း ဘယ်သူမှမပြောနိုင်တဲ့အခြေအနေပါ။ တစ်ခါ အမေရိကန်ထောက်လှမ်းရေးကိုယ်တိုင်ကလည်း ဒီစစ်ပွဲက ဘယ်သူမှ အနိုင်မရနိုင်ဘူးလို့ သုံးသပ်ထားသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း PDF ၊ CDF နဲ့ KNDF တို့ကလည်း လက်နက်ကိုင်အကြမ်းဖက်မှုတွေ လုပ်နေတယ်လို့ ကမ္ဘာသိ စစ်တမ်းထုတ်ထားတဲ့ အခြေအနေမျိုးမှာ ဘာအတွက် စစ်ပွဲတွေကို လက်ခံနေမလဲ တွေးတောချိန်သင့်ပြီပြောရမှာပါ။ ပြည်သူလူထုကသာ ငြိမ်းချမ်းရေးလိုလားပြီး ပြောင်းလဲချင်တယ်ဆိုရင် PDF ကို လှူတာ ထောက်ခံတာရပ်လိုက်တာနဲ့ လာမဲ့ တစ်နှစ်ကျော်အတွင်းမှာ ရွေးကောက်ပွဲဖြစ်လာပြီး ဒီမိုကရေစီနိုင်ငံဆီပြန်သွားပြီး လွှတ်တော်တွင်းကနေ ငြိမ်းချမ်းရေးပြန်စလို့ရမဲ့အခြေအနေ၊ ၁၀၀ ရာခိုင်နှုန်း အာဏာယူထားတာကနေ ၂၅ ရာခိုင်နှုန်းပဲ ပြန်ပေးရမဲ့အခြေအနေ မြင်နေလျက်နဲ့ လက်နက်ကိုင် အကြမ်းဖက်မှုကို ဆက်ပြီး ဖက်တွယ်နေမယ်ဆိုရင်တော့ မကြာခင်မှာ ကိုယ့်မိသားစုအလှည့်ဖြစ်လာနိုင်တာ သတိချပ်ပါလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *