၁၈. ၁၂. ၂၀၂၃

Written by Thettant

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး ထန်းပင်ဝင်တိုက်မိရာမှ ၁၀ ဘီး ဘောက်ကားတစ်စီး မီးလောင်ပျက်စီးမှု ယနေ့မနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁ နာရီခွဲခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၂၉/၇)အနီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Hono Profia ၁၀ ဘီးဖြူ/ပြာရောင်‌ဘောက်ကားယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောင်ပွတ်တိုက်မိကာ မီးလောင်၍ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်ကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး၊ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ၆ ဦး၊ ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးနှင့်အတူ မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ယာဥ်တစ်စီးလုံးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဥ်တိုက်မိ၍ ၁ နာရီခန့်ကြာ ယာဥ်မီးလောင်ပြီး တစ်စီးလုံးပျက်စီးသော်လည်း ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိမှုမရှိဟုလည်း သိရသည်။

ပုံစာ။ အမြန်လမ်းတွင် ၁၀ ဘီးဘောက်ကားယာဥ် မီးလောင်နေမှုမြင်ကွင်း (ဓာတ်ပုံ- အမြန်လမ်းမီးသတ်တပ်ဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *