၁၃.၁၂.၂၀၂၃
Written By Thandar

သူငယ်ချင်းတွေက ဘယ်လောက်ပဲချစ်တယ်ပြောပြော စိတ်ဓာတ်ကျနေချိန်မှာ တခြားသူအဆင်ပြေနေတာမြင်ရင် ဂျေဝင်တာရှိတဲ့အကြောင်း “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ်လို့ သရုပ်ဆောင် ခြူးလေးက ဆိုပါတယ်။

“ဇာတ်လမ်းတွဲတွေ မရိုက်တာလည်း ကြာပြီမို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဇာတ်လေးကို ကမ်းလှမ်းလာတော့ ဇာတ်လေးကို ကြိုက်ခဲ့တယ်။ ကျော့မှူးသွယ် ကာရိုက်တာကို စိန်ခေါ်ကြည့်တဲ့သဘောနဲ့ လက်ခံရိုက်ကူးထားပါတယ်။ ကိုယ် ပြန်ပထမဆုံး ရိုက်တဲ့ဇာတ်မှာ ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ သေသေချာချာ အာရုံစိုက်ပြီး သရုပ်ဆောင်ရမယ့်ဇာတ်မို့ ရိုက်ဖြစ်ခဲ့တယ်။ အပြင်မှာ သူငယ်ချင်းတွေက ဘယ်လောက်ပဲချစ်တယ်ပြောပြောလေ။ စိတ်ဓာတ်ကျနေချိန် တခြားသူအဆင်ပြေနေတာမြင်ရင် ဂျေဝင်တာမဟုတ်ပေမယ့် မုဒိတာမထားနိုင်ကြတာ ရှိတယ်လေ။ ဒီစိတ်လူအနည်းနဲ့ အများရှိကြတယ်လေ။ ဒါလေးတွေကို ထည့်ရိုက်ထားတယ်။ ဘယ်သူမှတော့ စင်းလုံးချောမကောင်းဘူး ဆိုတာကို ပြချင်တာပေါ့။ အပြင်မှာ ဘယ်လောက်ပဲချိုနေပါစေ အတွင်းစိတ်ထဲမှာ နည်းနည်းခံစားချက်လေးတော့ ရှိကြတယ်” လို့ သရုပ်ဆောင် ခြူးလေးက MTNews Entertainment ကို ပြောပါတယ်။

“ယုံတမ်း”ဟာ သူမ ဇာတ်လမ်းတွဲရိုက်ကူးမှု ခေတ္တရပ်ဆိုင်းအပြီး ပထမဦးဆုံး ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပြီး ကျော့မှူးသွယ်ဆိုတဲ့ ကာရိုက်တာနေရာက ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ အချစ်ဒရာမာ ဇာတ်လမ်းပုံစံ ယုံတမ်း ဇာတ်လမ်းတွဲကို ဇာတ်လမ်း ရွှန်းလဲ့ရွှေရည်၊ ဇာတ်ညွှန်း ရွှန်းလဲ့ရွှေရည်နဲ့ Bonnie တို့က ရေးသားပြီးတော့ ဒါရိုက်တာ မေဘရဏီက သရုပ်ဆောင် ထက်အောင်ရှိုင်း၊ ဝေဖြိုး၊ မျိုးကိုကျော်၊ ခြူးလေး၊ ချိုမဒီသွင်၊ မိုးပွင့်ဖြူ စတဲ့အနု ပညာရှင်တွေနဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

“ခြူးလေးအတွက်ကတော့ MRTV-4 ရုပ်သံလိုင်းက ထွက်ပြီးနောက် ပထမဦးဆုံး ပြန်ရိုက်ဖြစ်တာက Mahar App ဖြစ်သွားတယ်။ Mahar ဇာတ်တွေက ပေါက်တယ်ဆိုတော့ နဂိုထဲက ရိုက်ကူးမှုတွေ လုပ်ချင်ခဲ့တာပေါ့။ အရင်ရိုက်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ကာရိုက်တာတွေ ပေါက်တော့ ခြူးလေးလည်း အားကျတယ်လေ။ ဇာတ်လမ်းတွဲ မရိုက်ရတာ ကြာပြီ။ ရုပ်ရှင်ကားရိုက်ဖြစ်ပေမယ့် ဟာသကားတွေ နည်းနည်းပေါ့ပေါ့ပါးပါးလေးတွေ များတယ်လေ။ ဒီဇာတ်ကတော့ တကယ်ကို ထိထိမိမိနဲ့ Challenge လုပ်ရမယ့်ဇာတ်လေးဖြစ်နေတယ်။ ဇာတ်လမ်းတွဲမရိုက်တာ ကြာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ လျော့နေတယ်။ ခြူးလေးအကောင်းဆုံး ကြိုးစားပုံဖော်ထားပါတယ် အားပေးကြပါဦး”လို့ သူမက ဆက်ပြောပါတယ်။

ယုံတမ်း ဇာတ်ဝင်တေးသီချင်းကို အဆိုတော် ကောင်းကောင်းက ရေးသားထားပြီး အဆိုတော် ကေကေမိုးနဲ့အတူ သီဆိုထားကြပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး အပတ်စဥ် တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၇ နာရီက စတင်ပြီး Mahar Application လိုင်းက ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *