၁၃. ၁၂. ၂၀၂၃
Writer & Photo Naing Thuta

ဒီဇင်ဘာလ ၁၃ ရက်နေ့(ယနေ့)နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တော်တော်များများ ပြန်လည်ဖွင့်လှစ်ရောင်းချပေးနေသော်လည်း တန်းစီတိုး၍ ဝယ်ယူသူများက ယခင်နေ့များအတိုင်း များပြားလျှက်ရှိနေကြပြီး အချို့သောဆီဆိုင်များမှာမူ ရောင်းချပေးနိုင်ခြင်း မရှိသေးသည့်အပြင် ပြင်ပစျေးကွက်တွင် ထက်ဝက်နီးပါး အမြတ်တင်ပြီး ပြန်လည်ရောင်းချနေသည့်စျေးကွက်များလည်း ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း သိရသည်။

ယနေ့ မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်များတွင် 92 တစ်လီတာကို ၂၅၁၅ ကျပ်နှုန်း၊ 95 တစ်လီတာကို ၂၆၂၅ ကျပ်နှုန်း၊ ဒီဇယ်တစ်လီတာကို ၂၂၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သော်လည်း ပြင်ပစျေးကွက်၌ 92 တစ်လီတာကို ၄၀၀၀ နှင့် ၅၀၀၀ ကျပ်ကြား၊ 95 တစ်လီတာကို ၄၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထက် စျေးနှုန်းများဖြင့် ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

“မန္တလေးမှာ မနေ့က ကတည်းက ဆီဆိုင်တွေတော်တော်များများ ပြန်ရောင်းနေကြပေမဲ့လည်း ဆီတိုးပြီး ဝယ်ယူနေရတုန်းပဲ။ ဆီတစ်ခါတိုးဝယ်ရင် နာရီဝက်ကျော်ကြာတဲ့အထိ တိုးပြီးတော့ ဝယ်နေရတုန်း။ ဆီမတိုးချင်လို့ အပြင်မှာဝယ်ရင်တော့ တစ်လီတာကို ၄၀၀၀ နဲ့ ၄၅၀၀ ကြားမှာရောင်းနေကြတယ်။ 95 တစ်လီတာကို ၄၅၀၀ ကျပ်ကနေ ငါးထောင်အထက်မှာ ရောင်းနေကြတုန်း။ တစ်ဆိုင်နဲ့တစ်ဆိုင်တော့ မတူကြဘူး။ ဆီကအရမ်းတိုးရတာကလည်း ပြန်ရောင်းစားတဲ့သူတွေက လာတိုးကြပြီး ကားတွေ ဆိုင်ကယ်တွေ သုံးဘီးတွေက ပြန်ထုတ် နောက်တစ်ကျော့ပြန်တန်းစီ အဲ့ဒီလိုတွေလုပ်နေကြတာ။ သက်ဆိုင်ရာကလည်း စုံစမ်းကြပြီး အပြင်မှာ မတန်တဆရောင်းနေတာကို ဖမ်းပြီး အရေးယူသင့်တယ်။ ဒါမှစျေးကွက်က တည်ငြိမ်မှာဖြစ်ပြီး တန်းစီတိုးဝယ်ရတာလည်း လူတွေလျော့ကုန်မှာ။ တချို့ဆို ဆီဆိုင်တွေအနီးအနားမှာကို ပြန်ထုတ်နေကြတာ မြင်မကောင်းကြဘူး”ဟု ဆီတန်းစီဝယ်ယူသည့် မြို့ခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *