၁၃.၁၂.၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးဖမ်းမိတဲ့ သမိုင်းတစ်လျှောက် စံချိန်တင်အများဆုံးအရေအတွက်နဲ့ အာရှမှာဆိုရင် ဒုတိယအများဆုံးဖြစ်တဲ့ မက်သာဖက်တမင်း ဆေးပြား သန်း ၅၀ ကို ထိုင်း-မြန်မာ နယ်စပ်မှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီခရိုင်ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ အင်္ဂါနေ့(ဒီဇင်ဘာ ၁၂ရက်) က ထိုင်းရဲတွေနဲ့ စစ်သားတွေက ခြောက်ဘီးတပ်ထရပ်ကားတစ်စီးရဲ့ နောက်ကျောမှာ အိတ်ကြီးတွေနဲ့ ဆေးပြားတွေသယ်ဆောင်လာတာကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ထရပ်ကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၃၀ နှစ်အရွယ် Pitiphan Nomsoongnern နဲ့ အသက် ၂၄ နှစ်အရွယ် Pornsiri Kongnandi တို့ဇနီးမောင်နှံနှစ်ဦးကို လက်ရှိမှာ ဖမ်းဆီးထားတယ်လို့လည်း တာဝန်ရှိသူတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။

အာရှမှာ မက်သာဖက်တမင်း မူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ရွှေတြိဂံဒေသအနီးရှိ လာအိုနိုင်ငံမှာ မက်ဆေးပြား ၅၅ သန်းကျော်ဖမ်းဆီးရမိပြီးနောက် အခုဖြစ်စဉ်က ဒုတိယအများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောကြားခဲ့ပါတယ်။

အာရှရာဇ၀တ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေ ခိုးထုတ်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း Douglas က ပြောကြားပြီး ဖြန့်ဖြူးရေး ကွန်ရက်တွေကလည်း ဂျပန်နဲ့ နယူးဇီလန်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာအငြင်းပွားမှုဖြစ်ပွားပြီးနောက်ပိုင်း မငြိမ်မသက်မှုတွေက မှောင်ခိုသမားတွေရဲ့ လမ်းကြောင်းတွေနဲ့ လုပ်ငန်းတွေကို ချဲ့ထွင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့လည်း Douglas က ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Reuters, the Thiager

Leave a Reply

Your email address will not be published. Required fields are marked *

Related News