၁၃.၁၂.၂၀၂၃
Written By Thandar

Sexy Model လောကထဲကတစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိထားခဲ့တဲ့ မော်ဒယ်လ် သရုပ်ဆောင် ဂုဏ်ရှိန်ဝင့်ထည်ကတော့ “ဇိမ်မယ်နဲ့ အချစ်” ဇာတ်လမ်းတိုမှာ သိုက်တူးသမား ကောင်မလေးနေရာက ပရိသတ်မြင်တွေ့ရမယ်လို့ MTNews Entertainment ကို ပြောပါတယ်။

“ဒီ ဇာတ်လမ်းတိုလေးကိုတော့ အချစ်နဲ့ ဇိမ်မယ်လို့ ပေးထားတာပါ။ သူ့ပုံစံက အချစ်နဲ့ပတ်သက်ပြီး စကားလုံးတစ်ခုကို ယဥ်ယဉ်ကျေးကျေးလေးသုံးလိုက်တာပါ။ သိုက်တူးသမား ကောင်မလေးပေါ့။ သူဌေးကိုပဲ လိုချင်သူမျိုးပေါ့။ အချစ်အပေါ်မှာ လေးစားတန်ဖိုးထားမှုမရှိဘဲနဲ့ ပိုက်ဆံရှိတာရွေးချယ်တဲ့သူမျိုးပေါ့။ အချစ်နဲ့ငွေကြေးကြား အကြောင်းလေး ဖန်တီးထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကို ဒီဇာတ်ကားလေးတင်ရင် ပရိသတ်တွေ တွေ့မြင်ရမှာပါ။ တစ်ဖွဲ့သားလုံး အကောင်းဆုံးလည်း တင်ဆက်ထားပါတယ် ” လို့ သရုပ်ဆောင် ဂုဏ်ရှိန်ဝင့်ထည်က ပြောပါတယ်။

သူတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ “ဇိမ်မယ်နဲ့ အချစ်” ( Short Film )ဇာတ်လမ်းတိုကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲမှာ Gonn Shain Winnt Htal ဂုဏ်ရှိန်ဝင့်ထည် Page မှာတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မိနစ် ၁၅ မိနစ်စာ ဇာတ်လမ်းတိုတွေကိုတော့ Marvin FILMS Production က ရိုက်ကူးပြီး သရုပ်ဆောင် ညီနန္ဒ၊ မင်းညီ စတဲ့ အနုပညာရှင်တချို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ညီမအနေနဲ့ ကိုဗစ်ကာလထဲက အကောင်အထည်ဖော်ဖို့တွေးထားတဲ့ Idea ကို လွန်ခဲ့တဲ့ ၂ လကျော်က စတင်အကောင် အထည်ဖော်ခဲ့တာပါ။ အနုပညာလှုပ်ရှားမှု ရပ်ဆိုင်းထားရတဲ့ အနုပညာရှင်တွေကိုလည်း ဇာတ်ဝင်ခန်းလိုအပ်တဲ့နေရာတွေ ပါဝင်စေချင်တယ်။ ဒီအနုပညာသမားတွေကို နှမြောမိတယ်။ နောက် တက်သစ်စ အနုပညာ ဝါသနာပါသူတွေလည်း အတူ ပါဝင်ထားကြပါတယ်”လို့ သူမကဆက်ပြောပါတယ်။

ဂုဏ်ရှိန်ဝင့်ထည်ကတော့ ကိုယ်ပိုင်တေးသီချင်းသစ်တွေ ထွက်ရှိထားသလို လက်ရှိ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းတိုအနေနဲ့ ယနေ့ထုတ်လွှင့်မယ့် အပိုင်းကတော့ ၂၃ ပိုင်း မြောက်ရှိပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *