၁၃. ၁၂. ၂၀၂၃
Written by Ye Kyaw

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ပို့ကုန်ကြေညာလွှာ (ED) ထွက်ရှိထားသော ပို့ကုန်များတင်ပို့သည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာ‌ရောင်းချခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါရက်မတိုင်မီ ထွက်ရှိထားသည့် ပို့ကုန်ကြေညာလွှာများသည် ယခင် ၅၀ ရာခိုင်နှုန်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“ထုတ်ပြန်တဲ့နေ့ ရှေ့ပိုင်းကဟာကတော့ ရှေ့ပိုင်းက ဥပဒေနဲ့၊ နောက်ပိုင်းကဟာက နောက်ပိုင်းထုတ်ဥပဒေနဲ့ပေါ့။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပို့ကုန်တင်ပို့ဖို့အတွက် ခွင့်ပြုချက်ရထားတဲ့ဟာက အကျုံးဝင်မှာပေါ့။ အဲဒီအရှေ့ကဟာကတော့ အရင်နှုန်းနဲ့ သွားမှာ” ဟု စက်မှုကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၂၃) အရ ၃၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရာတွင် ပို့ကုန်ကြေညာလွှာ (Export Declaration-ED) များအတွက် တင်ပို့သည့် ရက်စွဲကို အခြေခံ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နှင့် အဆိုပါရက် နောက်ပိုင်းထွက်ရှိသည့် ပို့ကုန်ကြေညာလွှာများအတွက် ဝင်ရောက်သော ပို့ကုန်ဝင်ငွေသာ အကျုံးဝင်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မတိုင်မီ ပို့ကုန်ကြေညာလွှာ (ED) ထွက်ရှိထားသည့် ပို့ကုန်များမှရရှိသော ပို့ကုန်ရငွေများကိုမူ ယခင်အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) အရ ၅၀ ရာခိုင်နှုန်းကိုသာ ပြင်ပပေါက်ဈေးအတိုင်း လဲလှယ်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *