၉.၁၂.၂၀၂၃
Written By Pyi Thu

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၊ အဝင်ဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့များထံက သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့များ သွားရောက်စစ်ဆေးရာ ကျွဲရိုင်းအချိုရည်ဘူးခွံဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အပေါက်ဝတွင် လုံခြုံရေးယူ ထားသည့် ကုမ္ပဏီလုံခြုံရေးတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်း၌ ယနေ့ညတွင် Waterzonic EDM ပွဲရှိသည့်အတွက် ယင်းအခမ်းအနားကို ပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။

“အသံဗုံးပုံစံပေါက်တာ။ ဒါကြောင့် ဒဏ်ရာရတာက နည်းတာ။ ဗုံးကြီးသာဆိုရင် လူသေနိုင်တယ်။ ပွဲကလည်း ရှိနေတော့ လုပ်တာပေါ့”ဟု လုံခြုံရေး တာဝန်ရှိသူက MT News ကို ပြောသည်။

ယနေ့ညနေတွင် ကျင်းပမည့် Road To Waterzonic Myanmar 2023 ကို Raver များအတွက် ကမ္ဘာ့ထိပ်တန်း World Top 100 DjMag မှ DJ များ၊ အကောင်းဆုံးသော Stage Production များဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးများမှာ တစ်ဦး ကျပ် ၅၀၀၀၀၊ ကျပ် ၈၀၀၀၀ သတ်မှတ်ထားသည်။

ပုံစာ။ Road To Waterzonic Myanmar 2023 ကျင်းပမည့် ကြော်ငြာနှင့် ယခင်ပွဲမြင်ကွင်း (Photo – Waterzonic Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *