◾ ငွေရလွယ်သည့် ဘဏ်များကို PDF များ တိုက်ခိုက်နေ၍ ပုဂ္ဂလိကဘဏ်များကို ရဲလုံခြုံရေးနှင့် အရေးကြီးဘဏ်များကို စစ်တပ်လုံခြုံ‌ရေး ဆောင်ရွက်နေဟု ဆို

၂၉. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုအား PDF များက တိုက်ခိုက်ပြီး ငွေများလုယူခဲ့၍ ကျပ်ဘီလျံ ၄၀ ဆုံးရှုံးခဲ့ပြီး ငွေရလွယ်သည့် ဘဏ်များကို PDF များက အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် ပုဂ္ဂလိဘဏ်လုံခြုံရေးကို ရဲတပ်ဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကာ အရေးကြီးသည့် ဘဏ်များကို တပ်မတော်သားများဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယ‌နေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

“PDF များသည် ငွေရလွယ်သည့် ဘဏ်များကို အဓိကထား တိုက်ခိုက်လာကြသည်ကို တွေ့ရကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်က ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုအား PDF များက ဒေသခံဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေများလုယူခဲ့ရာ ဘီလျံ ၄၀ ကျော် ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိဘဏ်လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့များဖြင့် ဆောက်ရွက်စေလျက်ရှိပြီး အလွန်အ‌ရေးကြီးသည့် ဘဏ်များတွင်သာ တပ်မတော်သားများဖြင့် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း” SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နယ်ဘဏ်ခွဲအချို့သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်း ယူ၍ လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကို ဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူခဲ့မှုများ ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များအတွင်း ဘဏ်ဝန်ထမ်းများက အဖျက်အမှောင့်လုပ်ငန်းများတွင် ပါဝင်နေသည်ကို တွေ့ရကြောင်းလည်း ပြောသည်။

PDF များက ကောလင်းမြို့ကိုသိမ်း၍ ပုဂ္ဂလိကဘဏ်တစ်ခုလုယက်သဖြင့် ကျပ် ဘီလျံ ၄၀ ဆုံးရှုံးရသလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ကို ဖွင့်ဖောက်ကာ ပြည်သူ့အပ်ငွေ ၉၅၂ သန်းကျော်ကို သိမ်းယူလိုက်ကြောင်းလည်း NUG က ကြေညာခဲ့သည်။ သို့သော် ကောလင်းမြို့ကိုNUG သိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များရှိငွေသားများကို ဝင်ရောက်လုယူထိန်းချုပ်ရရှိမှု မထုတ်ပြန်ခဲ့ချေ။

NUG လက်အောက်ခံ PDF များသည် မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် လိုက်ပါအကောင်အထည် ဖော်နေပြီး ကောလင်းအပါအဝင် မြို့ငယ်တချို့သိမ်းယူထားကြောင်း NUG ကြေညာခဲ့ပြီး သိမ်းယူထားသည့် မြို့များရှိဘဏ်များက ငွေများကို ကိုင်တွယ်နေကာ အခြေအနေတည်ငြိမ်မှ ပြန်ပေးမည်ဖြစ်ကြောင်း NUG ကြားကာလဗဟိုဘဏ်က နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *