၄. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါက စစ်ဘေးဒုက္ခသည်တွေကို လက်ခံဖို့ အစိုးရအနေနဲ့ နယ်စပ်တစ်လျှောက်မှာ အမိုးအကာတွေ ဆောက်လုပ်ဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ပါန်ပီ ဘာဟစ်ဒါ နူကာရာက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဟာ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း အတည်ပြုခဲ့တဲ့အပြင် မြန်မာနိုင်ငံက အခြေအနေတွေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကို ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်စဲ​ဖို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့လည်း ဝန်ကြီးက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၃ ရက်)မှာ ပြောကြားခဲ့ပါတယ်။

“လက်ရှိအခြေအနေအရ (ဒုက္ခသည်တွေ) ဝင်လာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုအချိန်ကစပြီး အကြမ်းဖက်မှုတွေ ပိုတိုးလာမယ်ဆိုရင် ထိုင်းနိုင်ငံကိုသာမကဘဲ ဘက်ပေါင်းစုံကနေ ဒုက္ခသည်တွေက လမ်းကြောင်းပေါင်းစုံကို ရောက်သွားနိုင်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ မြဝတီမြို့မှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို နယ်စပ်မြို့မှာ စီးပွားရေးသမားတွေနဲ့ ကုန်တင်ကား အများအပြား သောင်တင်နေကြောင်း သိရပြီး စစ်မြေပြင်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာ့ခ်စီရင်စု မဲဆောက်ခရိုင်ကနေ ၁၀ ကီလိုမီတာခန့် အကွာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ထိုင်းနိုင်ငံအပေါ် ထိခိုက်မှုမရှိသေးပေမဲ့ ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပါက လူသားချင်းစာနာမှုအကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ တပ်မ ၃ မှ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာစန်း ဆာစီရာရက်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနယ်မြေကို ကာကွယ်ဖို့ စစ်သားတွေက စောင့်ကြပ်နေပြီး မြန်မာအစိုးရကလည်း နိုင်ငံတော်ကို ထိပါးလာနိုင်မှုတွေကိုတားဆီးဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *