၃၀. ၁၁. ၂၀၂၃

Written by Nay Aung

အိန္ဒိယလေတပ်၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့သည် နိုဝင်ဘာ ၂၉ ရက်က အိန္ဒိယစစ်ဖက်သုံးရဟတ်ယာဉ်များဖြင့် အိန္ဒိယဘက်ခြမ်းသို့ တိမ်းရှောင်လာသူ မြန်မာ့တပ်မတော်သား ၃၀ ကို မိခင်နိုင်ငံထံ ပြန်ပို့ပေးခဲ့ကြောင်းသိရသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူ Lalthiamsanga Sailo က မြန်မာ့တပ်မတော်သား ၃၀ ဦးကို မီဇိုရမ်ပြည်နယ် Tuipang မြို့သို့ စစ်ဖက်သုံးရဟတ် ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

၎င်းက “မြန်မာ့တပ်မတော်သား ၃၀ ဦးအနက် ၁၅ ဦးပါတဲ့အသုတ်ကို နိုဝင်ဘာ၂၉ ရက် မနက် ၉ နာရီခွဲမှာ Tuipang မြို့ကနေ မိုးရေးမြို့ကို ပို့ဆောင်ခဲ့တယ်။ ကျန်ရှိတဲ့ မြန်မာ့တပ်မတော်သား ၁၅ ဦး ပါတဲ့ ဒုတိယအသုတ်ကိုတော့ နံနက် ၁၀ နာရီ ၄၀ မှာ အဲဒီလမ်းကြောင်းအတိုင်းစေလွှတ်ခဲ့တယ်။ အဲဒီ မြန်မာစစ်သားတွေကို မြန်မာနယ်စပ်ဖြစ်တဲ့ တမူးမြို့နဲ့နီးစပ်တဲ့ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ တပ်မတော်သား ၃၀ ကို မိုးရေးမြို့မှတစ်ဆင့် တမူးမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံချင်းပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာ့တပ်မတော်သားအချို့သည် အိန္ဒိယနိုင်ငံဘက်ခြမ်းကို လက်နက်များနှင့်အတူတိမ်းရှောင်ခြင်းများရှိခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။ ထိုသို့တိမ်းရှောင်လာသည့် မြန်မာတပ်မတော်သား အနည်းဆုံး ၁၀၄ ဦးသည် ရှိခဲ့ပြီးအဆိုပါ မြန်မာ့တပ်မတော်သားများကို စစ်ဖက်သုံးရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ref; timesofindia.indiatimes.

Leave a Reply

Your email address will not be published. Required fields are marked *

Related News