၃၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(ရေ) စစ်သင်္ဘောများနှင့် မြန်မာ့တပ်မတော်(ရေ)တို့ နှစ်နိုင်ငံရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းများကို ဒီဇင်ဘာ ၁ ရက် (မနက်ဖြန်)တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မတော်(ရေ)က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့ မြန်မာနိုင်ငံက စစ်ရေယာဉ်တွေကို အပြန်အလှန် လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်း စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is IMG_6213.jpeg

ထို့ပြင် နယ်စပ်ဒေသများတွင် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နီးကပ်စွာ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးနှင့် လေ့လာရေးခရီးစဉ်များအတွက် တရုတ် တပ်မတော်(ရေ)၏ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိသည့် စစ်သင်္ဘော ၃ စီးသည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၂၇ ရက်တွင် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ် တပ်မတော်(ရေ) ၏ စစ်ရေယာဉ် ၃ စီးတွင် ပါဝင်ခဲ့သည့် စစ်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရေးလည်ပတ်မှု၊ လေ့လာရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများအဖြစ် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်များအကြား ချစ်ကြည်မှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *