၃၀. ၁၁. ၂၀၂၃

Written by Zaw Moe

စစ်ရေးဆိုင်ရာအခြေအနေနှင့် ဥပဒေများအရ အရပ်ဘက်အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ထားသည့် နေရာများအတွင်းမှ သောင်းကျန်းသူများ နေရာယူတိုက်ခိုက်လာမည်ဆိုပါက ယင်းနေရာအား စစ်ဘက်ဆိုင်ရာအဆောက်အဦအဖြစ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

သောင်းကျန်းသူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများကို အကာအကွယ်ယူ တိုက်ခိုက်နေပြီး တပ်မတော်မှ ပြန်လည်တိုက်ခိုက်ပစ်ခတ်ပါက စစ်ဘက်နှင့်မဆိုင်သည့်နေရာများကို ပစ်ခတ်သည်ဆိုသည့် လုပ်ကြံသတင်းများ ထုတ်လွှင့်နေခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ရန်သူတွေအနေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေ ပညာရေး၊ ကျန်းမာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကို ပစ်ခတ်တယ်။ ဆေးရုံကို ပစ်ခတ်တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဖက်အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ။ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကို မပစ်မခတ်မချင်း အရပ်ဘက်အဆောက်အဦပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အဦအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 406334309_122139686444030934_2625624645456427690_n.jpg

ယနေ့တွင် ရှမ်းမြောက်ဒေသရှိ မူဆယ် ၁၀၅ မိုင်၊ တာမိုးညဲနှင့် နမ့်ခမ်းတို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး ရန်သူဘက်မှအကျအဆုံး များပြားကြောင်းနှင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ အထက်တန်းကျောင်းအနီးတွင်လည်း ထိတွေ့တိုက်ပွဲများရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ကို မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေကြောင်းနှင့် တပ်မတော်ဘက်မှ အကျအဆုံးများကြောင်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်မှုများလည်းရှိကြောင်း သိရသည်။

“တန့်ဆည်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်။ တပ်ဘက်ကနေ ဘယ်လောက်ကျဆုံးတယ်ဆိုတာကို ထုတ်လွှင့်နေတာရှိပါတယ်။ အဲဒီထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးဖြစ်ပါတယ်။ မနေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘယ်လောက်ထိ KIA၊ PDF အဖွဲ့များ သေဆုံးဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့အသိဆုံးပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP နှင့် PDF အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ‌ရက်တို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *