၁. ၁၂. ၂၀၂၃
Written by Ye Kyaw

ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ တရားမဝင်စေလွှတ်ခြင်းကြောင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုထားမှုမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ၃၃၇ မှုနှင့် လူပုဂ္ဂိုလ် ၅၇၅ ဦးရှိကြောင်း တရားမဝင်အလုပ်သမားစေလွှတ်မှုများနှင့် ပတ်သက်ပြီး အရေးယူခြင်း ရှိ/မရှိ မေးမြန်းမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဖြေကြားသည်။

ထိုင်းနိုင်ငံသို့ ဗီဇာအတုပြုလုပ်၍ စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ ဦးရေ ၈ ဦး၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ ဦးရေ ၃၈၄ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၃၉၂ ဦးနှင့် အမှုပေါင်း ၂၂၈ မှုရှိပြီး စုစုပေါင်း တရားစွဲဆိုထားသည့် လူပုဂ္ဂိုလ်နှင့် အမှုပေါင်း၏ ၆၇ ရာခိုင်နှုန်းကျော်အထိ အများဆုံးဖြစ်သည်။ အခြားနိုင်ငံများသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်စေလွှတ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားသူ လူပုဂ္ဂိုလ် ၁၈၃ ဦးနှင့် အမှုပေါင်း ၁၀၉ မှု ရှိကြောင်း သိရသည်။

“မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပူးပေါင်း၍ လုပ်သားများ လိမ်လည်လှည့်ဖျားခြင်းခံရမှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြန်လည်ဖြေကြားထားသည်။

အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားလာသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်မရှိဘဲ လုပ်သားစုဆောင်းခြင်း၊ စေလွှတ်ခင်း၊ ဝန်ဆောင်ခများကောက်ခံခြင်း စသည့်အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ခံရရှိသော တိုင်ကြားစာအမျိုးအစားအလိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စိစစ်စစ်ဆေးဆောင်ရွက်ပြီး တရားစွဲဆိုရန် အကျုံးဝင်ပါက သက်ဆိုင်ရာနယ်မြေ ရဲစခန်းများတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပ‌ဒေပုဒ်မ ၂၆ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး အဆိုပါပုဒ်မအရ ပြစ်ဒဏ်ချမှတ်ခြင်းကို သက်ဆိုင်ရာ တရားရုံးများက စီရင်ချက် ချမှတ်ကြောင်း သိရသည်။

ပုံစာ- ထိုင်းနိုင်ငံစက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများကို Passport စာအုပ်များ ပြုလုပ်ပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး)

Leave a Reply

Your email address will not be published. Required fields are marked *