၁. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးနှင့်ဟားမားစ်တို့အကြား အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့သောစစ်ပွဲကို နိုဝင်ဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ ခုနစ်ရက်ကြာယာယီအပစ်အခတ်ရပ်စဲခဲ့ကြအပြီးနောက်တွင် ဒီဇင်ဘာ ၁ ရက်၌ တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

ဟားမားစ်တို့က ဂါဇာနယ်စပ်အနီး အစ္စရေးလူနေရပ်ကွက်များဆီသို့ ဦးတည်လျက် ဒီဇင်ဘာ ၁ ရက်တွင် ဒုံးပျံတစ်စင်း စတင်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ သို့သော် ဒုံးပျံအား အစ္စရေးလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး နယ်စပ်အနီး အက်စ်ဒီရော့မြို့နှင့်ပတ်ဝန်းကျင်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ် သတိပေးဥဩသံများထွက်ပေါ်လာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိဟုလည်း သိရသည်။

တစ်ဖန် ဂါဇာကမ်းမြောင်ဒေသအတွင်း အပစ်အခတ်ရပ်စဲမှုကာလ တစ်ပတ်ကြာလွန်မြောက်ပြီး ဒီဇင်ဘာ ၁ ရက်နံနက်တွင်မူ ဂါဇာကမ်းမြောင်မြောက်ပိုင်းမှ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကြားခဲ့ရသည်။ ၎င်းတို့က အထူးသဖြင့် ဂါဇာမြို့၏ အနောက်မြောက်ဘက်မှဖြစ်ပြီး အစ္စရေးမောင်းသူမဲ့လေယာဉ်များနှင့် တိုက်လေယာဉ်များ ဂါဇာဒေသ၏ ကောင်းကင်ယံတွင် ပျံဝဲနေချိန်နှင့်လည်း တိုက်ဆိုင်နေ ကြောင်း သတင်းများကဆိုသည်။

ဂါဇာဒေသနေပြည်သူတို့၏ အိမ်ရာ ၆ဝ ရာခိုင်နှုန်းမှာ ယခုအခါ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး အများစုမှာ ဂါဇာဒေသမြောက်ပိုင်းဖြစ်သည်။ ထို့ကြောင့်လည်း အနည်းဆုံးဒေသနေ မိသားစု ၅၀,၀၀၀ ခန့်မှာ အိုးအိမ်မဲ့ဖြစ်နေကြပြီး အောက်တိုဘာ ၇ ရက်မှ ယခုအထိ အိမ်ရာယူနစ်ပေါင်း ၂၅၀,၀၀၀ ခန့်ပျက်စီးခဲ့သည်ဟု ခန့်မှန်းရသည်။

Ref—–Times of Israel, Al Jareeza

Leave a Reply

Your email address will not be published. Required fields are marked *