၁. ၁၂. ၂၀၂၃
Written by Pan Ei

၂၀၂၄ ခုနှစ် အမေရိကန်ပြည်ထောက်စု ရွေးကောက်ပွဲနဲ့ တခြားနေရာတွေအတွက် အထင်မှားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အွန်လိုင်းပေါ်ကနေ လိမ်ညာမှုတွေ ပြုလုပ်နေတဲ့ တရုတ်နိုင်ငံအခြေစိုက် ကွန်ရက်တွေနဲ့ ဆက်စပ်နေတဲ့ Facebook အကောင့်တု ၄၇၀၀ ကျော်ကို ဖယ်ရှားလိုက်တယ်လို့ Meta က ကြာသပတေးနေ့ (နိုဝင်ဘာ ၃၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အကောင့်တု အသုံးပြုသူတွေဟာ ဂျာနယ်လစ်တွေ၊ ရှေ့နေတွေနဲ့ အမေရိကန်နိုင်ငံသားတွေအဖြစ် ဟန်ဆောင်ကာ အွန်လိုင်းလူထုအငြင်းပွားမှုတွေကို ကြိုးကိုင်ပြီး အမေရိကန်နိုင်ငံရေး၊ အမေရိကန်-တရုတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ အကောင့်တုတွေက တရုတ်နိုင်ငံကို ချီးကျူးခဲ့ကြပြီး အမေရိကန် နိုင်ငံရေးသမားတွေရဲ့ အွန်လိုင်းမှာတင်ထားတဲ့ပို့စ်တွေကို ကော်ပီကူးကာ ပါတီတွင်း သဘောထားကွဲလွဲမှုရှိနေတဲ့ အကြောင်းအရာတွေ တင်ထားမျိုးတွေလည်းရှိသလို အကောင့်တုတွေ တင်ခဲ့တဲ့ တချို့သောအကြောင်းအရာတွေထဲမှာ အမေရိကန်နိုင်ငံရဲ့ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေ၊ ယဉ်ကျေးမှုစစ်ပွဲပြဿနာတွေနဲ့ ယူကရိန်းအတွက် အကူအညီပေးတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

Meta ဟာ တရုတ်နိုင်ငံအခြေစိုက် အကောင့်တုပေါင်း ၄,၇၈၉ ခုကို ဖယ်ရှားခဲ့တာဖြစ်ပြီး အကောင့်တုတွေဟာ ကမ္ဘာတဝှမ်းက တခြားအသုံးပြုတွေဆီကနေ ကူးယူထားတဲ့ ပရိုဖိုင်ပုံတွေနဲ့ အမည်တွေကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ အခုနှစ်အတွင်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေပြီး လွှမ်းမိုးထားတဲ့ ကွန်ရက်ငါးခုကိုလည်း ဖယ်ရှားခဲ့ပါသေးတယ်။

Meta က အကောင့်တုတွေရဲ့ ကွန်ရက်ကို ခြေရာခံခဲ့ပေမဲ့ အရင်းအမြစ်ကိုတော့ တရုတ်အစိုးရဖြစ်တယ်လို့ မှတ်ယူခြင်းမပြုခဲ့ဘဲ ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမတိုင်မီ တရုတ်နိုင်ငံ အခြေစိုက်ကွန်ရက်တွေ တိုးလာခဲ့တယ်လို့ Meta က ဖော်ပြခဲ့ပါတယ်။

Ref; AFP, hongkongfp

Leave a Reply

Your email address will not be published. Required fields are marked *

Related News