စက်သုံးဆီဝယ်ယူရန် ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းအား ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုရန် တင်ပြထားဟု ဆို

၃၀. ၁၁. ၂၀၂၃
Written by Ye Kyaw

ယခု ဒီဇင်ဘာ ၅ ရက်မှစတင်၍ စက်မှုဇုန်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီ မရောင်းချပေးတော့ဘဲ စက်မှုဇုန် လုပ်ငန်းရှင်များ မိမိကိုယ်တိုင် တင်သွင်းရန် အကြောင်းကြားလာခြင်းကြောင့် စက်မှုဇုန်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေကြောင်း ပြည်တွင်းစက်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

စက်မှုဇုန်နှင့် စက်မှုဇုန်ပြင်ပရှိ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်း အထောက်အကူပြုလုပ်ငန်းများအတွက် စက်သုံးဆီရရှိရေး ပြီးခဲ့သည့် မေလမှစတင်၍ နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စက်သုံးဆီအတွက် လျှောက်ထားမှုများကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သို့ လျှောက်ထားရကာ အသင်းချုပ်မှတစ်ဆင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးနေမှုများကို ယခု ဒီဇင်ဘာ ၅ ရက်မှစတင်၍ ရပ်ဆိုင်းခဲ့ပြီး စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်စက်သုံးဆီ တင်သွင်းမည်ဆိုပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည့်အတွက် လျှပ်စစ်မီးမှန်လာအောင် ဆောင်ရွက်ပေးရန်နှင့် လျှပ်စစ်မီးမမှန်ပါက စက်သုံးဆီရောင်းချပေးရန်ဆိုသည့် သုံးသပ်ချက်များ စက်မှုဇုန်လုပ်ငန်းရှင်များအကြား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“မနေ့က အစည်းအဝေးလုပ်ပါတယ်။ UMFCCI မှာရော နေပြည်တော်မှာရော အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ စက်မှုဇုန် ၂၉ ဇုန်လုံးက တစ်ညီတစ်ညွတ်ထဲ ကိုယ်ဟာကိုယ် မသွင်းပါဘူး။ ငွေဈေးတွေ သတ်မှတ်တဲ့ ကိစ္စတွေလည်း ကျွန်တော်တို့ မသတ်မှတ်ပါဘူး။ ကျွန်တော်တို့က အလုပ်လုပ်ရရင် ကျေနပ်နေတာပဲ။ အဲဒီတော့ ဘယ်ဈေးနဲ့ ဘယ်လောက်ရပါစေ။ ဘယ်လိုဖြစ်ပါစေ ကျွန်တော်တို့ မသိပါဘူး။ ဆီမရောင်းပေးဘူးဆိုရင်တော့ မီးလာအောင် လုပ်ပေးပါ။ မီးမလာရင်တော့ ဆီရောင်းပေးပေါ့။ ဘယ်သူကပဲ ရောင်းပေး၊ ရောင်းပေး ကျွန်တော်တို့ ပေါက်ဈေးနဲ့ ဝယ်ချင်ပါတယ်ပေါ့။ ဒါပါပဲ။ လူကြီးတွေကတော့ စေတနာနဲ့ စက်မှုဇုန်လုပ်ငန်းတွေ လည်ပတ်‌အောင်လို့ ဆီသွင်းပါလို့ လမ်းညွှန်တာပေါ့။ ဒီလုပ်ငန်းကို ကျွန်တော်တို့ မကျွမ်းကျင်ဘူး” ဟု ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တစ်ခုတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နိုင်ငံတော်အနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့် စက်သုံးဆီ မရောင်းပေးနိုင်ပါက စက်သုံးဆီဝယ်ယူနိုင်ရန် စက်မှုဇုန်လုပ်ငန်းများမှ ရရှိသည့် ပို့ကုန်ဝင်ငွေ (ဒေါ်လာပမာဏ) ၅၀ ရာခိုင်နှုန်းကိုသာ နိုင်ငံတော်သတ်မှတ်ဈေးနှုန်း ၂၁၀၆ ကျပ်ဖြင့် ဝယ်ယူပြီး ကျန်ရှိ ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးကွက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုရန်နှင့် ယင်းဒေါ်လာမှ ရရှိလာမည့် အမြတ်ငွေဖြင့် စက်သုံးဆီဝယ်ယူနိုင်ရန် တင်ပြထားကြောင်း သိရသည်။

“စက်မှုဇုန်တွေက ရတဲ့ဒေါ်လာပမာဏရဲ့ ပထမ ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကိုအပ် ၂၁၀၆ ကျပ်၊ ဒုတိယ ၅၀ ရာခိုင်နှုန်းကို ၂၉၄၀ ကျပ်ကနေပြီးတော့ ပေါက်ဈေးဖြစ်သွားမယ်ပေါ့။ အဲဒီလို ကျွန်တော်တို့လိုချင်တာကို ပြောတော့ သူတို့ဘက်က ဘာပြန်ပြောလဲဆိုတော့ မြန်မာနိုင်ငံဆန်စပါးအသင်းနဲ့ ငါးလုပ်ငန်းအသင်းကိုပဲ ချပေးသေးတယ်တဲ့။ စက်မှုဇုန်တို့၊ ပဲအသင်းတို့ မပါသေးဘူးဆိုတော့၊ ကျွန်တော်တို့က တင်ပြလိုက်ပါတယ်။ ပေးရင်တော့ အားလုံး ညီမျှအောင်တော့ လုပ်ပေးပါ။ သူ့တော့တစ်မျိုး၊ ငါ့တော့တစ်မျိုးဆိုတော့ နာတာပေါ့” ဟု ၎င်းက ပြောသည်။

အိမ်စီးကားများအတွက်ကိုပင် အချိန်ပြည့် လိုသလောက်မရနိုင်သည့် ပြည်တွင်း စက်သုံးဆီဈေးကွက်၌ စက်မှုဇုန်များအတွက် လိုအပ်သည့်ပမာဏကို ဝယ်ယူရန်မှာ မဖြစ်နိုင်ကြောင်းနှင့် စက်သုံးဆီ ကိုယ်တိုင်တင်သွင်းမည်ဆိုပါက လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်းကြောင့် သက်ဆိုင်ရာ စက်သုံးဆီလုပ်ငန်းများမှ သီးသန့်တင်သွင်းပေးမှုကို ဆောင်ရွက်ပေးသင့်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုခဲ့ကြသည်။

နိုဝင်ဘာ ၃၀ ရက် (ယနေ့)တွင် ပြင်ပဈေးကွက်၌ ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၂၉၀ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပုံစာ- ယခုနိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည့် ဆီတင်သင်္ဘောများကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *