၃၀. ၁၁. ၂၀၂၃
Written by Pan Ei

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ အာမခံအမျိုးအစားတစ်ခုဖြစ်တဲ့ ‘ချစ်ခြင်းမေတ္တာအာမခံ’ မူဝါဒကို လေးစားလိုက်နာဖို့ ပျက်ကွက်မှုအတွက် အာမခံကုမ္ပဏီတစ်ခုကို အောင်မြင်စွာတရားစွဲဆိုနိုင်ခဲ့ပြီးနောက် တရုတ်လူမှုကွန်ရက်မီဒီယာမှာ အားပေးထောက်ခံမှုများစွာရရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ နေထိုင်တဲ့ Liu Xiaoming ဆိုသူဟာ သူ့ရဲ့ ရည်းစားဖြစ်သူအတွက် မျှော်လင့်မထားတဲ့ လက်ဆောင်အဖြစ် ၂၀၁၈ ခုနှစ် မတ်လမှာ ၄၉၅ ယွမ်တန် ‘ချစ်ခြင်းမေတ္တာအာမခံ’ ကို ဝယ်ယူခဲ့တာဖြစ်ပြီး မူဝါဒမှာ ပါဝင်တဲ့ အချက်အလက်တွေအရ အာမခံကို ဝယ်ယူပြီး ၃ နှစ်ကနေ ၁၀ နှစ်ကြား လက်ထပ်ပါက ပေးချေငွေ ၉,၉၉၅ ယွမ် ရရှိမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်သလို အထက်တန်းကျောင်းမှာ ပထမဆုံး ဆုံတွေ့ခဲ့ကြတဲ့ သူတို့စုံတွဲနှစ်ဦးဟာ အာမခံထဲမှာ အကျုံးဝင်တဲ့ ကာလဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။

ဒါပေမဲ့ အာမခံကုမ္ပဏီက သူတို့ရဲ့ကတိကဝတ်ကို ငြင်းပယ်ခဲ့ပြီး ငွေမပေးဆောင်ခဲ့တာကြောင့် Liu က တရားစွဲဆိုခဲ့ရာ အချစ်ဟာ အာမခံစည်းမျဥ်းဘောင်အတွင်း မကျရောက်နိုင်တဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်ဆံရေးတစ်ခုဖြစ်ပြီး အာမခံစာချုပ်ဟာ အကျုံးမဝင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ပထမအကြိမ် အစမ်းစစ်ဆေးခြင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ ကနဦး စစ်ဆေးတာကို မကျေနပ်ခဲ့တဲ့ Liu ဟာ ဒုတိယမြောက်ရုံးချိန်းကို အယူခံဝင်ခဲ့ပြီး မင်္ဂလာပွဲပြင်ဆင်မှုတွေက ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးအကျိုးအမြတ်အတွက် အာမခံအမှုကိစ္စကို အမြင်သစ်နဲ့ အကဲဖြတ်ခဲ့ရာ နောက်ဆုံးမှာ တရားရုံးက Liu ရဲ့ အယူခံဝင်မှုကို ထောက်ခံခဲ့ပြီး အာမခံကုမ္ပဏီကို ယွမ် ၉,၉၉၅ ပေးချေဖို့ အမိန့်ပေးခဲ့ပါတယ်။

လက်ရှိမှာလည်း လူပေါင်း ၁၅၀၀၀ ကျော်က ‘ချစ်ခြင်းမေတ္တာအာမခံ’အတွက် စာရင်းသွင်းထားကြတယ်လို့ သိရကာ ထူးထူးခြားခြားဖြစ်တဲ့ ခုလို အချစ်အာမခံကိစ္စတရားရေးရာဟာ တရုတ်ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတာဖြစ်ပြီး “စီးပွားဖြစ်လိမ်လည်မှုနဲ့ အာမခံကုမ္ပဏီကို တရားမစွဲသင့်ဘူးလား” လို့လည်း တရုတ် Weibo အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *