၂၇. ၁၁. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင်နေထိုင်နေသည့် ထိုင်းနိုင်ငံသားများ သို့မဟုတ် မြန်မာနိုင်ငံသို့ ခရီးသွားမည့် ထိုင်းနိုင်ငံသားများအနေဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့များသို့ ခရီးသွားရောက်ခြင်းများမလုပ်ဆောင်ရန် ထိုင်းအစိုးရက တိုက်တွန်းတောင်းဆိုလိုက်သည်။

ထို့ပြင် ထိုင်းနိုင်ငံသားများ ဘေးကင်းလုံခြုံမှုရှိစေရန် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ခရီးသွားရောက်ခြင်းမှ ရှောင်ရှားရန် ထိုင်းအစိုးရက တိုက်တွန်းထားကြောင်း သိရသည်။

မြန်မာအာဏာပိုင်များသည် ယခုနှစ်မေလတည်းက ရှမ်းပြည်နယ် တာချီလိတ်နှင့် လားရှိုးမြို့တို့ကို ခရီးသွားမည့်နိုင်ငံခြားသားများကို လေယာဉ်လက်မှတ်ဝယ်ယူခြင်း ပိတ်ပင်ထားကြောင်း ထိုင်းသံရုံးက ဆိုသည်။ အဆို ပါပိတ်ပင်မှုများကို ချိုးဖောက်သော နိုင်ငံခြားသားများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ငွေဒဏ်နှင့် ထောင်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသားများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံမြို့များအပါအဝင် မြန်မာနိုင်ငံရှိမြို့များသို့ ခရီးမသွားခင် ခရီးသွားကုမ္မဏီများ သို့မဟုတ် ယုံကြည်ရသော အရင်းအမြစ်များထံမှ အခြေအနေများကို စုံစမ်းလေ့လာရမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ဆိုသည်။

မြန်မာနိုင်ငံတွင်နေထိုင်နေသည့် ထိုင်းနိုင်ငံသားများအနေဖြင့်လည်း ထိုင်းသံရုံးကို ဆက်သွယ်ပြီး မှတ်ပုံတင်အမည်စာရင်း တင်သွင်းခြင်းများလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်းသံရုံးကပြောသည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့နိုင်ငံသားများကို တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ မလိုအပ်ဘဲ ခရီးမသွားရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။

Ref;bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *

Related News