၂၈. ၁၁. ၂၀၁၃
Written by Thettant

ပြီးခဲ့တဲ့ရက်ပိုင်းက ဆီသူဌေးမိသားစုတစ်စုရဲ့မိသားစုဝင် မင်္ဂလာဆောင်မှာ ပန်းဖိုး သိန်း ၆၀၀၀ သုံးတယ်ဆိုတဲ့ ပုံရိပ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သလို အားကျသူတွေ၊ ရှုတ်ချသူတွေလည်း များပြားခဲ့ပါတယ်။

ဒါပေမဲ့ မနေ့ကစပြီး လူမှုကွန်ရက်မှာ ဖိတ်စာတစ်စောင် ပျံ့နှံ့လာပြီး အဲဒီဖိတ်စာကတော့ မင်္ဂလာဆောင်ကုန်ကျမဲ့ သိန်း ၉၀၀၀၀ ကို လှူမယ်ဆိုတာ ဖော်ပြထားတာကိုလည်း #mtnews_fb_တခွင် က တွေ့ရှိခဲ့ပါတယ်။

ဖိတ်စာမှာ ဖော်ပြထားတာဟာ “မင်္ဂလာဦးဇနီးမောင်နှံတို့သည် မင်္ဂလာဧည့်ခံပွဲများကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်မည့်အစား လောကီ လောကုတ္တရာအတွက် ကောင်းကျိုးဖြစ်ထွန်းစေရန် အလို့ငှာ မင်္ဂလာပွဲကျင်းပရာဝယ် ကုန်ကျမည့် ကုန်ကျစရိတ်များကို လိုအပ်သည့်နေရာများတွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းသွားမည် ဖြစ်ပါသည်။ မင်္ဂလာဦးဇနီးမောင်နှံတို့၏ မင်္ဂလာဦးဆွမ်းကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာ ရေစက်ချ အခမ်းအနားတွင် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အသီးသီးတို့အတွက် လှူဒါန်းမည့် နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်” လို့ ဖော်ပြထားပြီး ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်လှူဒါန်းဖို့ သိန်း ၆၅၀၀၀ နဲ့ ကမ္ဘောဇအပြည်ပြည်ဆိုင်ရာအစည်းအဝေးခန်းမဆောက်လုပ်ဖို့အတွက် ကျပ်သိန်း ၁၀၀၀၀ လှူဒါန်းမယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးက ဇီဝိတဒါန သံဃာ့ဆေးရုံတွေကို ကျပ်သိန်း ၁၀၀၀ စီ လှူဒါန်းမယ်လို့ ဖော်ပြထားသလို မေတ္တာရှင်အသင်း (တောင်ကြီးမြို့)၊ မေတ္တာဝါဒီဟင်္သာတ(ပရဟိတ)ကျောင်းတိုက်(ရန်ကုန်မြို့)၊ ခေမာရာမ သီလရှင်စာသင်တိုက်(သန်လျင်မြို့)၊ သာသနာ့ဝံသီ သီလရှင်ကျောင်း(တောင်ကြီးမြို့)၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ(ရန်ကုန်မြို့)၊ မန်းတောင်ခြေ ဘိုးဘွားရိပ်သာ(မန္တလေးမြို့)၊ ရှမ်းရိုးမ ဘိုးဘွားရိပ်သာ(တောင်ကြီးမြို့)၊ မလွန်ဆန်လှူအသင်း(မန္တလေးမြို့)၊ ချမ်းသာကြီးဆန်လှူအသင်း(မန္တလေးမြို့)၊ မေရီချက်(ပ်)မင်းနားမကြားကျောင်း(ရန်ကုန်မြို့)၊ သူငယ်တော် မျက်မမြင်၊ ဆွံ့အနားမကြားကျောင်း (ဘုရားဖြူ.- တောင်ကြီးမြို့)နဲ့ နောင်တောင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဟိုပုံး) တို့ကိုလည်း ကျပ်သိန်း ၁၀၀၀ စီ အသီးသီးလှူဒါန်းမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မင်္ဂလာဆောင်မဲ့ ဇနီးမောင်နှံကတော့ “ကမ္ဘောဇဘဏ် နှင့် ကမ္ဘောဇအုပ်စုတည်ထောင်သူ နာယက နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု (၄) ထပ်ကွမ်း ဆုရှင် ဝဏ္ဏကျော်ထင်၊ စည်သူ၊ ပင်လုံဂုဏ်ရည်၊ သရေစည်သူ ဦးအောင်ကိုဝင်း (စီမံထူးချွန် ပထမဆင့်၊ လူမှုထူးချွန် ပထမဆင့်) နှင့် သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး (လူမှုထူးချွန်ပထမအဆင့်) တို့၏ သမီးလတ် နန်းခမ်းနောင့် နဲ့ နယ်သာလန်နိုင်ငံနေ Mr. Willemink & Mrs. Willemink-Kleinen Traast တို့၏ သား Arno Willemink တို့ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဖိတ်စာက ဖော်ပြထားပါတယ်။

ဒီဖိတ်စာနဲ့ပတ်သက်ပြီး အားလုံးက လေးစားဂုဏ်ယူနေကြသလို အားကျမှုတွေနဲ့လည်း ပျော်ရွှင်နေကြပြီး လူလည်းနာလို နတ်လည်းနှစ်သက်တဲ့ ထိမ်းမြားလက်ထပ်ပွဲလို့လည်း ကောင်းချီးပေးခံနေရတာကို #mtnews_fb_တခွင် က တွေ့ရပါတယ်။

ပုံစာ။ လူမှုကွန်ရက်တွင် ပျံ့နှံနေသော ဖိတ်စာ။

Leave a Reply

Your email address will not be published. Required fields are marked *