၂၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီပြောကြားချက်အရ သောကြာနေ့ (နိုဝင်ဘာ ၂၄ ရက်) မတိုင်မီ ဟားမားစ်တို့ဘက်က ဖမ်းဆီးခံထားရသော ဓားစာခံတစ်စုံ တစ်ဦးကိုမှ ပြန်လည်လွှတ်‌ပေးဖွယ် မရှိကြောင်း၊ အစ္စရေးနှင့် ဟားမားစ်အကြား သဘောတူထားသော ဂါဇာဒေသ ယာယီအပစ်အခတ်ရပ်စဲရေးကို စတင် အကောင်အထည်ဖော်ရန်ကလည်း နိုဝင်ဘာ ၂၄ ရက် အထိ‌ နှောင့်နှေးနေဖွယ် ရှိသေးသည်ဟု သိရကြောင်း အစ္စရေးတာဝန်ရှိသူတစ်ဦးက CNN သို့ ပြောခဲ့သည်။

ထိုသို့ ယာယီအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် နှောင့်နှေးနေရခြင်း၏ အကြောင်းရင်းများကိုကား အသေအချာပြောကြားခြင်းမရှိကြပေ။ အစပိုင်းကမူ ဓားစာခံများအား ပြန်လည်လွှတ်ပေးမှုကို နိုဝင်ဘာ ၂၃ ရက်တွင်ပင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ပြန်လည်လွှတ်ပေးမည့် ဓားစာခံများထဲတွင် အမေရိကန်နိုင်ငံသားသုံးဦးဖြစ်သော သုံးနှစ်အရွယ်ရှိ မိန်းကလေးငယ် အဘီဂေးလ် အီဒန်နှင့် အခြားအမေရိကန်အမျိုးသမီး နှစ်ဦးပါဝင်ခြင်းရှိ မရှိ အသေအချာ မသိရသေးပေ။ အဘီဂေးလ် အီဒန်၏မိဘနှစ်ပါးလုံးမှာလည်း ဟားမားစ်တို့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပြီး ၎င်း၏ ဆယ်နှစ်အရွယ်အစ်ကိုနှင့် ခြောက်နှစ်အရွယ်အစ်မတို့မှာ မိဘများကိုသတ်ဖြတ်နေသည်ကို မြင်ခဲ့ရကာ ၁၄ နာရီကြာပုန်းအောင်းနေပြီးမှ လွတ်မြောက်ခဲ့ကြသည်။

ယူနီဆက်ဖ် အကြီးအကဲက ဂါဇာဒေသကို ကမ္ဘာပေါ်တွင် ကလေးငယ်တစ်ဦးနေထိုင်အသက်ရှင်ရန် အန္တရာယ်အများဆုံးဒေသအဖြစ်ပြောကြားခဲ့သည်။ ၎င်းက ဂါဇာဒေသတွင် အစ္စရေး-ဟားမားစ်စစ်ပွဲဖြစ်ပွားနေသည့် သီတင်းပတ်များအတွင်း တစ်နေ့လျှင် ကလေးငယ် ၁၀၀ ကျော်သေဆုံးနေသည်ဟု ပြောခဲ့သည်။

Ref. CNN

Leave a Reply

Your email address will not be published. Required fields are marked *