၂၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းအတွင်းသို့ ဒရုန်းဗုံး ကျရောက် ပေါက်ကွဲခဲ့၍ ယာဉ်ရပ်နားစခန်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကတည်းက ပိတ်မိနေသည့် ကုန်တင်ကားများနှင့်ကားပေါ်ရှိ ကုန်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း မည်မျှထိခိုက်မှုရှိသည်ကို မသိရှိရသေးကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ‌ပြောကြားသည်။

“ထိခိုက်မှုတော့ မသိသေးဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ မတိုင်မီက ရောက်နေတဲ့ကားတွေ၊ အောက်တိုဘာ ၂၇ မှာ ပိတ်တော့ ပြန်ထွက်လို့မရတော့ဘူး။ ကားတွေဒီတိုင်းထားခဲ့ရတာ။ အဲဒီက သွားလို့မရဘူးလေ။ ချင်းရွှေဟော်ကို တိုက်ပွဲဖော်ပြီး အဲဒီနယ်က ပလောင်နယ်။ ပလောင်နယ်ကနေ ဝင်စီးလိုက်တော့ အဲဒီမှာ ပိတ်မိသွားတာ။ ကားထားပြီးတော့ လူတွေပဲထွက်လာတာ။ အဲဒီကားပေါ်မှာ ကုန်ပစ္စည်းတွေရှိတယ်။ သွားတော့မယူရဲဘူး။ အသေးစိတ်ကျတော့ မူဆယ် ၁၀၅ မိုင်ကို လှမ်းမေးမှရမှာ။ အဲဒီကိုကလည်း ဖုန်းကကောင်းကောင်း ဆက်မရဘူးဖြစ်နေတာ။ မူဆယ်ကတော့ ကုန်စည် ၁၀၀ ရာခိုင်နှုန်းပဲပေါ့။ ရပ်သွားပြီ။ ဘယ်မှသွားလို့မရတော့ဘူး” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-23_11-47-33-1024x991.jpg

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲပြီး ကုန်တင်ကားများနှင့် ကားပေါ်ရှိ ကုန်ပစ္စည်းများ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းအရ သိရသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်သော TNLA၊ AA နှင့် MNDAA ပူးပေါင်းအဖွဲ့က အဆိုပါယာဥ်ရပ်နားကွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိ၍ဟုဆိုကာ ဒရုန်းဖြင့် Drops Bomb များ ပစ်ချတိုက်ခိုက်ခြင်းကြောင့် ကုန်ကားအများအပြားထိမှန်မီးလောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“Drone နဲ့ Drop Bomb ချသွားတာပါ။ အသားလွတ်ကုန်ကားတွေပေါ် အကြမ်းဖက်တွေ ချသွားတာ” ဟု အဆိုပါဖြစ်စဥ် တွေ့မြင်သူ ဒေသခံတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-23_11-47-36-799x1024.jpg

မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တစ်ရက်လျှင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်ပစ္စည်း ကုန်ကားအစီးရေ ၅၀ ဝန်းကျင်နှင့် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် သွင်းကုန်ပစ္စည်း ကုန်ကားအစီးရေ ၁၀၀ ဝန်းကျင် စုစုပေါင်း ကုန်ကားအစီးရေ ၁၅၀ ဝန်းကျင် ကုန်သွယ်မှုဆောင်ရွက်နေသော ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်သည်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်‌ရေးဇုန်အတွင် နယ်စပ်ဂိတ် ငါးခုရှိသည့်အနက် ကျင်စန်းကျော့ဂိတ်သည် ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ တရားဝင်ဖွင့်လှစ်ပေးခဲ့သည့် နယ်စပ်ဂိတ်တစ်ခုလည်း ဖြစ်သည်။

မူဆယ်မြို့အနီး နမ့်ခမ်းမြို့ကို TNLA က ထိန်းချုပ်ထားနိုင်ကြောင်း ကြေညာပြီးနောက် မူဆယ်မြို့ကို တိုက်ခိုက်ရန် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က လုပ်ဆောင်နေပြီး ထိုသို့ ကျင်စန်းကျော့ဂိတ်ကို TNLA၊ MNDAA နှင့် AA တို့က Drone ဖြင့် Drops Bomb ချ တိုက်ခိုက်သဖြင့် အများပြည်သူ၏ ကုန်ကားများမီးလောင်ချိန်မှ တပ်ကပစ်ခတ်သည့်လက်နက်ကြီးကျည်ကျ၍ဆိုကာ ဝါဒဖြန့်ချိနေမှုများလည်း ပြုလုပ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *