၂၂.၁၁.၂၀၂၃
Written by Peya

ဘီးလင်းမြို့အနီး ကင်းရွာရှိ ကုန်းဘောင်မင်းဆက်တည် အလောင်းမင်းတရားကြီး၏ အုတ်နန်းပြာသာဒ်တော် ရေရှည် တည် တံ့ရေးအတွက် အမိုးမိုးခြင်းကို ဆောင်ရွက်ထားကြောင်း မြန်မာတော်ဝင် အနွယ်တော်များ အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

၁၁၂၁ ခုနှစ်တွင် ယိုးဒယားတို့က ထားဝယ်မြို့ ကျေးစွန်ရွာလက်ကို ထိပါးကြောင်း ကြားတော်မူ၍ အလောင်းမင်းတရားကြီး ကိုယ်တော်တိုင် ထားဝယ်ကြောင်း ချီတော်မူပြီးနောက် အယုဒ္ဓယမြို့ကိုဝန်းရံစဉ် မကျန်းမာသဖြင့် ပြန်လာရာ ၁၁၂၂ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် ကင်းရွာ၌ သက်တော် ၄၅ နှစ် စည်းစိမ်တော် ရှစ်နှစ်တွင် နတ်ရွာစံတော်မူခဲ့ခြင်း ဖြစ်သည်။

“အခုတော့ မိုးရာသီမှာ မိုးဒဏ်ကာကွယ်ဖို့အတွက် အမိုးမိုးပေးလိုက်တဲ့ သဘောပါ။ အဲ့ဒီကုန်ကျစရိတ်ကို မြန်မာတော်ဝင် အနွယ်တော်များ အစည်းအရုံးက ကျခံပေးပြီးတော့ ဆက်လက်တည်ရှိနေဖို့ ဆောင်ရွက်ပေးခဲ့တာပါ။ ပြာသာဒ်ပေါ်နဲ့ အနီးပတ်ဝန်းကျင်မှာ ပေါက်နေတဲ့ မြက်ပင်တွေကို ရှင်းလင်းတာနဲ့ အမိုးမိုးပေးခဲ့တာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဆက်လက်ထိန်းသိမ်းခြင်းကို အဆိုပါပြာသာဒ်ရှိရာ ကျောင်းမှ ဆရာတော်က ဆက်လက်ဆောင်ရွက်တော်မူပေးမည် ဖြစ် ကြောင်းလည်း သိရသည်။

“အုတ်နန်းပြာသာဒ် ရှိတဲ့နေရာမှာက ကျောင်းထိုင်ဆရာတော်ရှိပါတယ်။ အဲ့ဒီဆရာတော်က လက်ရှိ ထိန်းသိမ်းပေးနေတာပါ။ ကျောင်းထိုင်အဆက်ဆက် ဆရာတော်တွေက ထိန်းသိမ်းပေးနေတာလည်း ဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *