◼️၂၀၂၄ ခုနှစ်၌ ရုရှားက BRICS ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်စဉ် အဖွဲ့အား မိတ်ဆွေနိုင်ငံများနှင့် တိုးချဲ့သွားမည်

၂၂.၁၁.၂၀၂၃
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံက BRICS အုပ်စုသို့ ၂၀၂၄ ခုနှစ်တွင် ပါဝင်ခွင့်ရရေးအတွက် လျှောက်ထားမှုပြုထားကြောင်းနှင့် အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရေး ရုရှားနိုင်ငံ၏ကူညီမှုကို အားကိုးအားထားပြုပါကြောင်း ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် အသစ်ခန့်အပ်ခံရသော မူဟာမက် ခါလစ် ဂျာမာလီက Tass သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအနေနှင့် BRICS အုပ်စုတွင် ပါဝင်သွားရန်ရည်ရွယ်ချက်ရှိပါသလောဟု မေးမြန်းချက်ကို သံအမတ်ကြီးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်အနေနှင့် BRICS တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ရုရှားကဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်အတွင်း ပါဝင်နိုင်ရန်ရည်ရွယ်ကြောင်းလည်း ပြောကြားခဲ့သည်။

သံအမတ်ကြီးက “ပါကစ္စတန်အနေနဲ့ BRICS လို အရေးကြီးတဲ့အဖွဲ့အစည်းမှာ ပါဝင်သွားလိုပါတယ်။ ဒီတော့ ယေဘုယျအားဖြင့်အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်သွယ်ကာ အထူးသဖြင့်ရုရှားနိုင်ငံက ပါကစ္စတန်ရဲ့အဖွဲ့ဝင်အဖြစ်တည်ရှိမှုကို တိုးမြှင့်ထောက်ပံ့ကြဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟုလည်း ပြောခဲ့သည်။

ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရတ်ကော့ဗ်က BRICS အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ အဖွဲ့ဝင်အဖြစ်လျှောက်ထားသည့် မိတ်ဖက်နိုင်ငံများစာရင်းကို သဘောတူညီမှုပြုရန်ရည်ရွယ်ကြောင်း အောက်တို ဘာလဆန်းကပြောခဲ့သည်။ ထို့ပြင် ၎င်းက ရုရှားက BRICS ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကာလအတွင်း “BRICS မိတ်ဆွေများ၏အသိုက်အဝန်း” ကို လက်တင်အမေရိကနိုင်ငံများအပါအဝင် တိုးချဲ့သွားနိုင်ရန် အထူးအလေးထား ဆောင်ရွက်သွားမည်ဟုလည်းပြောခဲ့သည်။

BRICS တွင်အဖွဲ့ဝင်သစ်များအဖြစ် ၂၀၂၃ ခုနှစ်အတွင်းသဘောတူခဲ့သော ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား၊ အာဂျင်တီးနားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့က အဖွဲ့ဝင်သစ်များအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ဖြစ်လာရန် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ သတင်းများအရ စုစုပေါင်း နိုင်ငံ ၄၀ ကျော်က BRICS သို့ပါဝင်ရန် စိတ်ဝင်စားနေကြကြောင်းလည်း သိရသည်။

Ref -tass.com

Leave a Reply

Your email address will not be published. Required fields are marked *