MNDAA ဖမ်းဆီးကာ အဓမ္မလူဝတ်လဲခံရသော သာသနာ့နွယ်ဝင်များ မြင်ကွင်း (ဓာတ်ပုံ- ရွှေဖီမြေ)

၂၂. ၁၁. ၂၀၂၃
Written by Nay Moe

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဖော်ဆောင်နေတဲ့ MNDAA က မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဟေမိုးလုံသာသနာပြုကျောင်းက သံဃာ ၂၆ ပါးကိုဖမ်းဆီးပြီး ၂၂ ပါးကိုပြန်လွှတ်ကာ ၄ ပါးကို စစ်သားအဖြစ် အဓမ္မစုဆောင်းသွားတယ်လို့ MT News ရဲ့ အတည်ပြုမေးမြန်းမှုတွေနဲ့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွက် လူအင်အားလိုအပ်နေတဲ့ MNDAA ဟာ မောင်ဆောင်းခရဲ့ BPLA တပ်ကို စစ်ကူခေါ်တိုက်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲကြာလာချိန် လူအသေအပျောက်များလာချိန်နဲ့ သိမ်းထားနိုင်ပြီဆိုတဲ့ မြို့တွေကိုထိန်းချုပ်ဖို့ စစ်သားလိုအပ်ချိန်မှာ အသက် ၁၆ နှစ်အထက် ကျားမ၊ သံဃာမရွေး ပေါ်တာဆွဲနေတာဖြစ်ပါတယ်။ အခုဖြစ်ရပ်မှာလည်း ဟေမိုးလုံသာသနာပြုကျောင်းက သံဃာ ၂၆ ပါးကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ဖြစ်မှာမို့လို့ လုံခြုံရာပို့ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားရာက သက်တော် ၂၃ နှစ်အရွယ် ဦးခေမာစာရ၊ အသက် ၁၆ နှစ်အရွယ် ရှင်အာစိဏ္ဏ၊ အသက် ၁၅ နှစ်အရွယ် ရှင်ဇာနနဲ့ အရှင်ဇနိန္ဒတို့ကို ဖမ်းဆီးပြီးအဓမ္မစစ်သားစုဆောင်းလိုက်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

MNDAA က ဖမ်းဆီးပြီး လူဝတ်လဲ စစ်သားစုဆောင်းခံရတဲ့ ရဟန်းသံဃာတွေဟာ သာသနာ့ဘောင်မှာ ပျော်မွေ့နေတာကြာပြီဖြစ်ပြီး MNDAA ရဲ့ အဓမ္မလူသစ်စုဆောင်းမှုလုပ်ရပ်ကို ဝေဖန်မှုရှိနေသလို MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ လီကျားဝင်းက Shwe Phee Myay News Agency ကို ဖြေရာမှာ သူတို့အထူးဒေသ (၁) မှာ နေတဲ့ ဘယ်လိုလူတန်းစားမဆို စစ်မှုထမ်းရမယ်ဆိုတဲ့ မူဝါဒအတိုင်းလုပ်နေတယ်လို့ ဖြေထားပြီး ရဟန်းသံဃာတွေကို အဓမ္မစစ်သားမစုဆောင်းဘဲ ပြန်လွှတ်ပေးဖို့ ဒေသခံတွေအကြိမ်ကြိမ်ညှိနှိုင်းပေမဲ့လည်း ပြန်လွှတ်မပေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် MNDAA က မုံးကိုးဒေသနဲ့ သူထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ဒေသတွေမှာ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်လို့ လက်ရှိ အမိန့်ထုတ်ထားပြီး အဓမ္မလူသစ်စုဆောင်းနေတယ်လို့​လည်း ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *