၂၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ရေတပ်၏ ကင်းထောက် ဂျက်လေယာဉ်တစ်စီးမှာ ဟာဝိုင်ယီကျွန်းစု အိုဟာယူးကျွန်းရှိ အမေရိကန်မရိန်းအခြေစိုက်စခန်းတစ်ခု၏ လေဆိပ်တွင် နိုဝင်ဘာ ၂၀ ရက်က ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းကျော်လွန်၍ ပင်လယ်ရေပြင်အတွင်း ထိုးကျခဲ့မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ P-8A ပိုဆီဒွန်လေယာဉ်က ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်တွင် လေဆိပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ကိုးဦးလိုက်ပါလာကြောင်းလည်း သိရသည်။ ဓာတ်ပုံများတွင် ပြည်နယ်မြို့တော် ဟိုနိုလူလူ၏ မြောက်ဘက်ရှိ အိုဟာယူးကျွန်း၊ မရိန်း အခြေစိုက်စခန်း၏ လေဆိပ်ပြေးလမ်းကိုလွန်လျက် Kaneohe ပင်လယ်အော်ရေပြင်ပေါ်တွင် တောင်ပံလေးများသာ ပေါ် နေသည်ကို တွေ့ရသည်။

အင်ဂျင်နှစ်လုံးပါရှိသည့် P-8A လေယာဉ်ကို ကင်းလှည့်နှင့်ထောက်လှမ်းရေးလုပ်ငန်းများအတွက် အသုံးပြုကြောင်း မရိန်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဟေလီ ဟမ်းစ်ကပြောခဲ့သည်။ ၎င်းက လေယာဉ်ပေါ်ပါ လေယာဉ်အမှုထမ်းကိုးဦးမှာလည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းပြောခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပွားချိန်က အဝေးမြင်နိုင်စွမ်းအားမှာလည်း တစ်မိုင်ခန့်အထိကျဆင်းနေကာ ရေငွေ့များဝင်လျက် လေတိုက်နှုန်း တစ်နာရီလျှင် ၂၁ မိုင်နှုန်းရှိကြောင်း သိရသည်။

P-8A ပိုဆီဒွန်လေယာဉ်က တော်ပီဒိုနှင့် ခရုဇ်ဒုံးပျံများကိုလည်း သယ်ဆောင်နိုင်ကာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ရေပြင်စစ်ဆင်မှုများဆောင်ရွက်ရာတွင်လည်းကောင်း၊ ထောက်လှမ်းရေးသတင်းအချက်အလက်များစုဆောင်းရယူရာတွင်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်သည့် အမေရိကန်ရေတပ်စစ်ဆင်ရေးများတွင် အသုံးဝင်သောလေယာဉ်တစ်စီးလည်းဖြစ်သည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *