၂၁. ၁၁. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Uttarkashi ခရိုင်အတွင်း အဝေးပြေးလမ်းမကြီးတစ်ခုတည်ဆောက်ရေး စီမံကိန်းက လမ်းလိုဏ်ခေါင်းတစ်ခုတည်ဆောက်ရေးလုပ်ငန်းခွင်မှာ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လိုဏ်ခေါင်းပြိုကျမှုမှာ ပိတ်မိနေခဲ့တာ ၁၀ ရက်လောက်ကြာမြင့်နေပြီဖြစ်တဲ့ အလုပ်သမား ၄၁ ဦးကို အင်္ဂါနေ့ (နိုဝင်ဘာ ၂၁ ရက်) မှာ ပထမဆုံးအကြိမ်အဖြစ် ကင်မရာကနေတစ်ဆင့် အသက်ရှင်လျက် တွေ့ရှိနိုင်ခဲ့ပါတယ်။

လေ၊ အစားအစာနဲ့ ရေတွေပေးပို့နေတဲ့ သေးငယ်တဲ့ ပိုက်ကတစ်ဆင့် ကယ်ဆယ်ရေးသမားတွေက ပေးပို့လိုက်တဲ့ Endoscopic ကင်မရာကတစ်ဆင့် အလုပ်သမားတွေကို အသက်ရှင်လျက် တွေ့မြင်ရခြင်းဖြစ်ကာ အလုပ်သမားတွေဟာ မုတ်ဆိတ်မွေးထူထူနဲ့ မောပန်းနွမ်းနယ်နေပုံပေါ်ပြီး စိုးရိမ်သောကတွေနဲ့ ကင်မရာကို ကြည့်နေခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_16-05-40-1024x553.jpg

အလုပ်သမားတွေပိတ်မိနေတာဟာ ၁၀ ရက်လောက် ရှိပြီဖြစ်ပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက မျှော်မှန်းထားသလို အလုပ်သမားတွေကို ပြန်လည်မကယ်ထုတ်နိုင်သေးဘဲ ကင်မရာမပို့မီက ကယ်ဆယ်ရေးသမားတွေက ရေဒီယိုတွေကို အသုံးပြုကာ ပိတ်မိနေတဲ့လူတွေနဲ့ ဆက်သွယ်နေခဲ့တာဖြစ်ပါတယ်။

“အလုပ်သမားအားလုံး ဘေးကင်းလုံခြုံပါတယ်” လို့ Uttarakhand ဝန်ကြီးချုပ် Pushkar Singh Dhami က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပြီး “သူတို့ကို အမြန်ဆုံး ဘေးကင်းအောင် ကယ်ထုတ်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_16-05-37.jpg

မြေမျက်နှာပြင်အနေအထား၊ မြေအမျိုးအစားပြောင်းလဲမှုနဲ့ မြေအပျက်အစီးတွေ ပိုမိုပြိုကျလာနိုင်မှု စတဲ့အခက်အခဲတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းနှောင့်နှေးနေရခြင်းဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *