၂၁. ၁၁. ၂၀၂၃
Written by Peya

ပထမတစ်ကြိမ်တိုက်ခိုက်စဥ် မအောင်မြင်သည့် AA က ထပ်မံ တိုက်ခိုက်လာသည့်အတွက် စစ်ရေးတင်းမာနေသော ပေါက်တောမြို့တွင် ယနေ့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းဖြစ်ပြီး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သည်ဟု ယူဆရသော အသံကို ကြားရသကဲ့သို့ တပ်မတော် (ရေ) ကလည်း ပစ်ကူပေးနေကြောင်း သိရသည်။

“အကုန်လုံးက အိမ်တွေထဲမှာ ပုန်းနေကြရတယ်။ တိုက်ပွဲဖြစ်သံကြားရတယ်။ အခုချိန်အထိလည်း ကြားနေရတယ်လို့ ကျွန်တော့်ကို ဆက်သွယ်ပြောကြားထားတယ်” ဟု ပေါက်တောမြို့မှ စွန့်ခွာလာသော ဒေသခံများကို ကူညီပေးနေသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အပြင်မထွက်ရဲ၍ မသိရသော်လည်း တိုက်ပွဲအခြေအနေမှာ ပြင်းထန်သည်ဟု ယူဆရပြီး သေနတ်ပစ်သံများ ဆူညံနေခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ပေါက်တောမြို့မ ရဲစခန်းကို AA က တိုက်ခိုက်ပြီးနောက် ယာယီထိန်းချုပ်နိုင်သော်လည်း နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက AA ကို မြို့တွင်းမှ ရှင်းထုတ်ကာ မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ရေးတင်းမာနေခဲ့ရာ ယခုတစ်ကြိမ်တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲ၏ နောက်ဆက်တွဲ အခြေအနေနှင့် ဖြစ်စဉ် အသေးစိတ်ကို MT News သတင်းဌာနက ဒေသခံများထံ ဆက်လက် ချိတ်ဆက်မေးမြန်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

ပုံစာ – အေအေ က ဝင်တိုက်ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်တွင် ပေါက်တောမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို တွေ့မြင်ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *