MT News

Written by Min Mahar

မန္တလေးတွင် ယမန်နေ့နံနက်ပိုင်းက ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်၌ အမျိုးသားတစ်ဦး ခေါက်ဆွဲစားသောက်နေစဉ် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၃၇လမ်းနှင့် ၃၈ လမ်းကြား၊ ၇၆ လမ်းပေါ်ရှိ ဒေါ်တင်တင်ဝင်း ရှမ်းခေါက်ဆိုင်တွင် ရှမ်းခေါက်ဆွဲစားနေသော အသက် ၂၇ နှစ်အရွယ် ဦးကျော်ဇင်ထက် (ခ) ကျော်ကြီးဆိုသူအား CZI ဆိုင်ကယ်အနက်ရောင်ဖြင့် ၇၆ လမ်းအတိုင်း မြောက်မှတောင်ဘက်သို့ မောင်းနင်းလာသော Mask တပ်ထားသည့် အမျိုးသားလူငယ် ၂ ဦးက ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ရှမ်းခေါက်ဆွဲစားနေတဲ့ လူကို Mask တပ်ထားတဲ့ လူငယ် ၂ ယောက်က ရောက်လာပြီး သေနတ်နဲ့ပစ်သတ်သွားလို့ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ ခဏနေတော့ ရဲနဲ့စစ်သားတွေရောက်လာပြီး အနားမှာရှိတဲ့ CCTV တွေပါလိုက်လံကြည့်ပြီး စစ်ဆေးနေတယ်” ဟု မျက်မြင်တစ်ဦးက MT News ကို ပြောပြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဇင်ထက်၏ ဝဲပါး (၁)ချက်၊ လည်ပင်း ဝဲဘက်ခြမ်း (၁)ချက် ဖောက်ဝင်ဒဏ်ရာများရရှိပြီး သေဆုံးသွားသဖြင့် အလောင်းအား ရွှေချည်စေတနာ လူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတ်ဆိုင်ရာအဖွဲ့များမှလည်း သေနတ်ဖြင့် ပစ်ခတ်သွားသူများအား ဖမ်းဆီးရမိနိုင်ရေးနှင့် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား ကြည့်ရှု့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသွားသည့်သူမှာ ဆိုင်ကယ်ဝပ်ရှော့လုပ်ကိုင်နေသူဖြစ်ပြီး ဟေမမာလာမြောက်ရပ်ကွက်၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား၊ ၃၆ လမ်းနှင့်၃၇ လမ်းကြားတွင် နေထိုင်သူတစ်ဦးလည်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုကို Special Task Force- Mandalay (STF-MDY) အဖွဲ့မှ လုပ်ခဲ့သည်ဟု အသတ်ခံရသူထံမှ ရယူခဲ့သည်ဆိုသည့် ပစ္စည်းမှတ်တမ်းဓာတ်ပုံနှင့်တကွ ထုတ်ပြန်ကြေညာထားပြီး ဦးကျော်ဇင်ထက်ထံမှ ပိုက်ဆံလေးသိန်း၊ ဖုန်းနှစ်လုံး၊ လက်ထိပ်နှစ်စုံ၊ လျှောတုတ်တစ်ချောင်း၊ ခလုတ်ဓားတစ်လက်နှင့် အခြားပစ္စည်းများရရှိခဲ့ကြောင်းနှင့် ပျုစောထီးဖြစ် ကြောင်း စွပ်စွဲထားသည်။ STF-MDY ၏ စွပ်စွဲဖော်ပြချက်များ မှန်ကန်မှုရှိ မရှိ MT News အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

သံဃာများ၊ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ဒလန်၊ သူလျှို၊ ပျုစောထီး၊ SAC ယန္တရားလည်ပတ်အောင်လုပ်ပေးနေသူများဟု စွပ်စွဲသတ်ဖြတ်နေမှုများတွင် မန္တလေးတိုင်းမှာလည်း အများဆုံးတွင်ပါဝင်ပြီး နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အနောက်ရပ်ကွက် ရာအိမ်မှူးဦးထွန်းမြင့်အေးဆိုသူကို Generation Z Power (Mandalay) ပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့်၂ ချက် ပစ်သတ်ခဲ့သည်ဟုလည်း ဝန်ခံထုတ်ပြန်မှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *