၂၁. ၁၁. ၂၀၂၃
Written by Nay Aung

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် မတည်ငြိမ်မှုများဖြစ်လာခဲ့ပြီးနောက် လောက်ကိုင်မြို့တွင် မလေးရှားနိုင်ငံသားအနည်းဆုံး ၁၀၆ ဦးပိတ်မိနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသားများသည် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများ၏ သားကောင်ဖြစ်နေသူများဖြစ်ကြောင်း ပြောသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအပြင် ကူမင်းမြို့ရှိ မလေးရှားကောင်စစ် ဝန်ရုံး၊ ရန်ကုန်နှင့် ပေကျင်းမြို့တို့ရှိ မလေးရှားသံရုံးတို့ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနပြည်ထဲရေးဝန်ကြီးဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ ပြည်ပနိုင်ငံရှိ အွန်လိုင်းကတစ်ဆင့်လိမ်လည်နေတဲ့ ဂိုဏ်းများလက်ထဲမှာ သားကောင်ဖြစ်နေရတဲ့ မလေးရှားနိုင်ငံသားအားလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြော သည်။

မလေးရှားနိုင်ငံသားများသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် မြင့်မားသောလစာရမည်ဟု မက်လုံးပေးခေါ်ယူခံရခြင်းများကြောင့် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် သားကောင်ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မလေးရှားနိုင်ငံသားများအနေဖြင့် အကူအညီလိုအပ်မည်ဆိုပါက ရန်ကုန်မြို့ရှိ မလေးရှားသံရုံးကို ဆက်သွယ်အကြောင်း ကြားရန်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Ref Thestar

Leave a Reply

Your email address will not be published. Required fields are marked *