၂၁. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက တရုတ်နိုင်ငံသည် ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲအရှိန်မြင့်တက်ခြင်းကို တားဆီးနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် သဘောထားအမြင်ကွဲလွဲမှုများကို ဖြေရှင်းရန်၊ တိုက်ပွဲများကိုအမြန်ဆုံးရပ်တန့်ရန်၊ ပြည်သူများ သက်သာချောင်ချိရေးကို အဓိကဦးစားပေးရန် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်းက နိုဝင်ဘာ ၂၀ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ရိုက်တာသတင်းဌာနမှမေးမြန်းမှုများနှင့်ပတ်သက်ပြီး တုံ့ပြန်ဖြေဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အားပေးလှုံ့ဆော်နေကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ စောစီးစွာရပ်တန့်ပြီး မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန်အတွက် ကူညီပေးနိုင်ရန် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးက တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း မော်နင်းကထုတ်ဖော်ပြောဆိုခဲ့သည်။

တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရှိနေသည့် တရုတ်နိုင်ငံသားများကို ဘေးကင်းသောနေရာကိုပြောင်းရွှေ့ရန်၊ ဖြစ်နိုင်မည်ဆိုလျှင်တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လာရန် အကြံပေးမှုများရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသားအချို့သည် နယ်စပ်ဂိတ်များကိုဖြတ်သန်းပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ ပြန်လာခြင်းများလည်းရှိနေကြောင်း မော်နင်းက ထပ်မံပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနှနှင့်တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လုံခြုံရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်နိုင်ငံသားများကို ကူညီပေးနေကြောင်း ၎င်းကပြောသည်။ တရုတ်အစိုးရအနေဖြင့် အကူအညီလိုအပ်နေသော လူသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံဘက်ခြမ်းသို့ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူများကိုလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနေကြောင်း မော်နင်းက ပြောသည်။ ထို့အပြင် တရုတ်အစိုးရသည် တရုတ်နယ်စပ်ဒေသကိုဖြတ်သန်းပြီး မိခင်နိုင်ငံသို့ ပြန်မည့် အခြားနိုင်ငံများမှ အကူအညီလိုအပ်နေသူများကိုလည်း ကူညီပေးနေကြောင်း ၎င်းကပြောသည်။

Ref; Reuter

Leave a Reply

Your email address will not be published. Required fields are marked *