၂၀. ၁၁. ၂၀၂၃

Written by Nay Moe

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ နမ့်ခမ်းမြို့က စခန်းသစ်လက်နက်ကြီးကုန်းကို TNLA တိုက်ခိုက်သိမ်းယူချိန်မှာ ဓာတုဗေဒလက်နက်အဆိပ်ငွေ့ ဗုံးနဲ့ TNLA ကို တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်ကလည်း လားရှိုးမြို့နယ်က မိုင်းကျက်တပ်စခန်းကို TNLA က တိုက်ခိုက်ချိန်မှာလည်း အဆိပ်ငွေ့ ဗုံးနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က စွပ်စွဲလာတဲ့အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိပ်ငွေ့နဲ့တိုက်ခိုက်တာမဟုတ်ဘဲ TNLA လက်နက်ကိုင်တွေ တိုက်ပွဲမှာ အသေများနေလို့ ပြောလာတာဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

“နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို လာရောက်တိုက်ခိုက်ခဲ့တယ်။ တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် TNLA အနေနဲ့ အကျအဆုံးများစွာရှိခဲ့တယ်။ တော်တော်လေး အကျအဆုံးများပါတယ်။ ထုံးစံအတိုင်းပါပဲ။ သူတို့အကျအဆုံးရှိပြီဆိုရင် အရင်တုန်းကသုံးနေကျအတိုင်းဘဲ အသံထွက်လာပါတယ်။ အဆိပ်ဓာတ်ငွေ့နဲ့တိုက်ခိုက်တယ် ဆိုတာမျိုးတွေ ပြောလာကြတာကို တွေ့ရပါတယ်။ နမ့်စလပ်မှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နမ့်ခမ်းမှာရှိနေတဲ့ ရှေ့တန်းလုံခြုံရေးစခန်းတွေအနေနဲ့ ရန်သူကိုရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ပြီး တန်ပြန်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ့ဘက်မှာအကျအဆုံးများစွာ ရှိပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ လူအင်အားအများအပြားသုံးပြီး တပ်စခန်းတွေကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူထားချိန်မှာ တပ်ဘက်က တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် အသေအဆုံးများနေတယ်လို့ သတင်းထွက်နေချိန်မှာ TNLA က သူတို့ကို အဆိပ်ဗုံးနဲ့ တိုက်နေပါတယ်လို့ ထုတ်ပြန်လာတာဖြစ်ပြီး ဒီလိုမျိုး အတိုက်ခံရတာကြောင့် TNLA လက်နက်ကိုင်တွေက ခန္ဓာကိုယ်မှာ ထိရှဒဏ်ရာတစ်စုံတစ်ခု မရရှိကြဘဲ မူးဝေတာ၊ အသက်ရှုချိန် မြန်ဆန်တာ၊ မအီမသာခံစားရတာ၊ စိတ်လှုပ်ရှားမြန်ဆန်တာ၊ မောပန်းတာ၊ အောက်စီဂျင်ကျတာကို ပြင်းထန်စွာခံစားရတယ်လို့ TNLA က စွပ်စွဲချက်မှာ ဖော်ပြခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *