၁၅. ၁၁. ၂၀၂၃
Written by Ye Kyaw

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်နှင့် ပင်းတယခရိုင်အတွင်း စိုက်ပျိုးထုတ်ကုန်များ စုဆောင်း၊ သိုလှောင်၊ ရောင်းချသည့် ဈေးရုံ (Collector Market) စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) မှ အသိပေးကြေညာထားသည်။

MAEX သည် ရန်ကုန်မြို့ရှိ တညင်းကုန်လက်ကားဈေး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင်နှင့် ပင်းတယခရိုင်အတွင်းရှိ စိုက်ပျိုးထုတ်လုပ် တောင်သူများ၏ စိုက်ပျိုးထွက်ရှိလာမည့် ထုတ်ကုန်များကို ရန်ကုန်မြို့ရှိ တညင်းကုန်း လက်ကားဈေးကြီးနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ခြင်းဖြစ်သည်။

လက်ရှိတွင် MIC ခွင့်ပြုချက်ရရှိရန်နှင့် စီမံကိန်းလုပ်ကိုင်ခွင့်ရရှိရေးအတွက် လုပ်ငန်းစဉ်များ စတင်လုပ်‌ဆောင်လျက်ရှိပြီး စီမံကိန်းအား ၂၀၂၄ ခုနှစ် ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားရှိကာ မျှော်မှန်းထားသည့်အချိန်ထက် စောလျင်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်း တည်ဆောက်မည့် မြေနေရာအား ကလောခရိုင်နှင့် ပင်းတယခရိုင်အတွင်းရှိ ဟဲဟိုး၊ ဟဲဟိုးနှင့် ဘော်နင်းအကြား၊ ဟဲဟိုးနှင့် ကျုံးအကြား ပတ်ဝန်းကျင်တွင် မြေယာများဝယ်ယူ၍ စိုက်ပျိုးထုတ်ကုန်များ စုဆောင်း သိုလှောင် ရောင်းချမည့်ဈေးရုံများ တည်ဆောက်ရန်လျာထား ‌ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်များအား အရည်အသွေး စံချိန်စံညွှန်းများအလိုက် ‌ရွေးချယ်၍ အမျိုးအစားခွဲခြားခြင်း၊ သန့်စင်ထုပ်ပိုးခြင်း (Sorting and Packaging) ဈေးရုံများ၊ သီးနှံများ သိုလှောင်ထားနိုင်ရန်နှင့် ထွက်ကုန်ပစ္စည်းများ စနစ်တကျ ထားရှိနိုင်ရန်အတွက် အအေးခန်းများ၊ အခြောက်ခံ သိုလှောင်ရုံများ၊ ပွဲရုံများနှင့် တောင်သူများ တိုက်ရိုက်ရောင်းချနိုင်သော ဈေးရုံများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းတည်နေရာ ၁ အတွက် ဟဲဟိုး-ဘော်ဆိုင်း လမ်းမအနီး ယာမြေ ၂၄ ဒသမ ၉ ဧက၊ တည်နေရာ ၂ အတွက် ဟဲဟိုး-ဘော်နင်း လမ်းမအနီး ယာမြေ ၄ ဧကနှင့် တည်နေရာ ၃ အတွက် ဟဲဟိုး-ကျုံးကြား လမ်းမအနီး ယာမြေ ၉ ဒသမ ၅၉ ဧကဖြင့် စုစုပေါင်း ယာမြေဧက ၃၈ ဒသမ ၄၉ ဧက ဝယ်ယူပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News