MT News

Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာအနီး၌ ခိုအောင်းနေထိုင်နေသည့် PDF ၃၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ခဲယမ်းများနှင့် PDF ခုနစ်ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ စက်တင်ဘာ ၁၆ ရက်တွင်သိရသည်။

အဆိုပါ ဒေသတွင် PDF များ ခိုအောင်းကာ ဒေသခံများအား ခြိမ်းခြောက်အကြမ်းဖက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမှ PDF ၃၀ ခန့်နှင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး PDF များ အနောက်ဘက်သို့ အကျအဆုံး များစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်တွင် PDF ၇ ဦးကို အသေဖမ်းဆီးရမိခဲ့ကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ထိုနည်းတူ KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF များအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအနီးမှတစ်ဆင့် သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF များ ခိုအောင်းနေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မ ဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များအား အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့် ပိုဆောင်၍ အလစ်အငိုက် ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့ ဝင်ရောက်စစ်ဆေးစဉ် KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF များက ကျေးရွာသူ၊ ကျေးရွာသားများကို လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်ယူ၍ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအတွင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ယင်းတို့သည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ KIA နှင့် PDF များ ဆေးခန်းအတွင်း သိုဝှက်ထားသည့် လက်လုပ်မိုင်း ၁၆ လုံး၊ ရှော့တိုက် ပြောင်း ၇ ခု၊ လက်လုပ် DROP BOMB ၈ လုံးနှင့် စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် KIA နှင့် PDF များက ကျေးရွာသူ၊ ကျေးရွာသားများနှင့် နေအိမ်များအား လူသားတံတိုင်းသဖွယ် အသုံးပြု အကာအကွယ်ယူ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိပြီး အရေးကြီးလူနာများကို နီးစပ်ရာ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

လက်နက်ကိုင်များအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ဘာသာရေး ဆိုင်ရာ အဆောက်အဦများ၊ ကျေးရွာနေ ပြည်သူလူထု၏ နေအိမ်များအား ယခုကဲ့သို့ အကာအကွယ်ရယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ထိုကဲ့သို ကျူးလွန်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေ များဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News