၁၆. ၁၁. ၂၀၂၂

Written by Pann Ei

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား (FIFA World Cup 2022) ကို တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၀ ရက်)မှာတော့ ကာတာနိုင်ငံမှာ စတင်ကျင်းပတော့မှာဖြစ်ပြီး ကြီးကျယ်ခမ်းနားလှမယ့် ဖွင့်ပွဲအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းလုံးက စောင့်မျှော်နေကြပါတယ်။

ကမ္ဘာ့ဖလားကွင်းဖွင့်ပွဲတွေမှာ အများအားဖြင့် ကမ္ဘာ့အကောင်းဆုံးအနုပညာရှင်တွေကို ပြသလေ့ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သီချင်းတွေဟာလည်း ဂန္တဝင်သီချင်းတွေ ဖြစ်လာလေ့ရှိကြပါတယ်။ ဥပမာအနေနဲ့ ၂၀၁၀ ပြည့်နှစ် တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲအတွက် ရှကီယာ (Shakira) ရဲ့ ‘Waka Waka’ သီချင်းနဲ့ စင်မြင့်ဟာ အကောင်းဆုံး ဖွင့်ပွဲအခမ်းအနားတစ်ခု ဖြစ်စေခဲ့ရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကျော်ကြား လူကြိုက်များခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က Shakira ဟာ အမေရိကန်အဖွဲ့ Black Eyed Peas နဲ့ နာမည်ကျော် K-pop အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် အဆိုတော် Jung Kook တို့နဲ့အတူ ကမ္ဘာ့ဖလား စင်မြင့်ကို ပြန်လည်ရောက်ရှိဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနားမစမီ ရက်ပိုင်းအလိုမှာတော့ စပိန်မီဒီယာ Telecinco က Shakira ဟာ သူမရဲ့ပရိသတ်တွေကြောင့် ကာတာ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ပါဝင်မဖျော်ဖြေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“Shakira ဟာ ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်ဖျော်ဖြေမှာမဟုတ်ဘူးလို့ အတည်ပြုထားပြီးဖြစ်ပေမယ့် ကမ္ဘာ့ဖလားပွဲတစ်လျှောက်မှာ သူမဟာ တခြားအခန်းကဏ္ဍအနေနဲ့ ပါဝင်မလားဆိုတာကိုတော့ မသိရသေးပါဘူး” လို့ စပိန်မီဒီယာ Telecinco မှ Adriana Dorronsoro က အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေအပေါ် ဝေဖန်မှုတွေရှိနေတာကြောင့် Dua Lipa နှင့် Rod Stewart တို့ကလည်း ဖွင့်ပွဲမှာ ဖျော်ဖြေဖို့ကို ငြင်းပယ်ခဲ့ကြပါတယ်။

Ref; Marca

Leave a Reply

Your email address will not be published. Required fields are marked *