၃၁. ၁၀. ၂၀၂၃
Written by Ye Kyaw

နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပမည့် ၅၆ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၆ ဒသမ ၂ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်လများထက် နှစ်လဆက်တိုက် ပို၍ရောင်းချခဲ့ရကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၅၆ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဋ” အက္ခရာအထိ အက္ခရာ ၁၁ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၆၂၃,၂၉၂ အုပ်အထိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ထီလက်မှတ်များရောင်းရငွေမှာ ကျပ် ၆၂၃၂ ဒသမ ၉၂ သန်း (ကျပ် ၆ ဒသမ ၂ ဘီလျံကျော်) ဖြစ်သဖြင့် ယင်းပမာ၏ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၄၃၆၃ ဒသမ ၀၄၄၀ သန်း (ကျပ် ၄ ဒသမ ၃ ဘီလျံကျော်) ဖြစ်သည်။ အဆိုပါ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယခု ၅၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီ ရောင်းချရငွေသည် ပြီးခဲ့သည့် ၅၄ ကြိမ်မြောက်ထက် ကျပ်သန်း ၉၄၀ ခန့်နှင့် ၅၅ ကြိမ်မြောက်ထက် ကျပ်သန်း ၁၀၀ ခန့် နှစ်လဆက်တိုက် ပို၍ရောင်းချခဲ့ရခြင်းဖြစ်သည်။

၅၆ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ ငါးဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၈ ဆု၊ ကျပ်ဆယ်သိန်း ၁၈ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆု၊ ကျပ်တစ်သိန်း ၉,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့အား ၅၅ ကြိမ်မြောက်မှစ၍ သီးခြားစီဖွင့်လှစ်ပေးခဲ့ပြီး ၅၆ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို အောက်တိုဘာ ၃၀ ရက် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချခဲ့သည်။ ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိ‌ပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News