၂၆. ၁၀. ၂၀၂၃
Written by Peya

ရာသီချိန် လုပ်သားစေလွှတ်ခြင်းနှင့်ပတ်သက်၍ သတင်းမှားများ ထွက်ပေါ်နေသည့်အပေါ် မြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီးယား သံရုံးကိုယ်တိုင် ၎င်းတို့၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာကတစ်ဆင့် ရှင်းလင်းချက်ထုတ်ကာ ပြန်လည် ရှင်းလင်းခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် သိရသည်။

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားအဖြစ် အမျိုးသမီးများပါ ခေါ်ယူမည်ဟု သတင်းထွက်နေကာ အချို့က အေဂျင်စီဟု နာမည်ခံကာ ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သားခေါ်ယူကြောင်းနှင့် ပိုက်ဆံမည်မျှ ပေးရမည်ဟုဆိုကာ လူမှုကွန်ရက်တွင် ဖော်ပြ ခေါ်ယူနေသည့်အပေါ် သံရုံးကလည်း ဝင်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများ စေလွှတ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်စာရွက်စာတမ်းများ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြောင်းကို အတည်ပြုတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ စာရွက်စာတမ်း သတင်းအချက်အလက်များသည် ကိုရီးယားအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့နှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် ကိုရီးယားအစိုးရမှ မြန်မာနိုင်ငံရှိ ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သည့် မည်သည့် ကြေညာချက်ကိုမျှ ထုတ်ပြန်‌ကြေညာထားခြင်းမရှိကြောင်း သံရုံးက အသိပေးထားခြင်း ဖြစ်သည်။

“ကျွန်တော်လည်း ကြားတယ်။ ဘယ်ကနေ ခေါ်လဲဆိုပြီး။ အေဂျင်စီ နာမည်တွေ ကြည့်လိုက်တော့ နာမည်တောင် မသိဘူး။ ဘယ်က ဟာတွေမှန်း မသိဘူး။ တချို့ဆို သိန်းငါးဆယ်လောက် အထိတောင် ရိုက်ထားတာ တွေ့တယ်။ ရာသီချိန် လုပ်သားဆိုတာက ဘာသာစကားမလိုဘူး။ အသက်ကလည်း တော်တော်ကြီးတဲ့အထိရတော့ စိတ်ဝင်စားကြတာကိုး။ ဒါကိုပဲ အသုံးချတာ။ အခုချိန်အထိ ကိုရီးယား – မြန်မာ နှစ်နိုင်ငံက ဘာမှ မထုတ်ပြန်ထားသေးဘူး။ လူတွေ ဘယ်လောက်အထိ ခံရပြီးပြီလဲ မသိဘူး” ဟု ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် လူမှုကွန်ရက်၌ အေဂျင်စီအတုများက ကိုရီးယားသို့ ပို့ပေးမည်ဆိုကာ ကျပ်သိန်း ၃၀ မှ ၅၀ အကြား တောင်းခံလိမ်လည်နေမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *