၂၃. ၁၀. ၂၀၂၃
Written By Treasure

အောက်တိုဘာ ၂၂ရက်နေ့က မြန်မာလိဂ်ပွဲစဉ် ၁၇ ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဒဂုံစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ဒဂုံစတားအသင်းကို အနိုင်မယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုဖလားအိပ်မက်ဟာ ပိုမိုဝေးကွာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ နည်းပြဟောင်း ကိုင်တွယ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ အိမ်ကွင်းပွဲစဉ်မှာ ဒဂုံစတားအသင်းကို အနိုင်ရရှိဖို့အတွက် ဗလင်စီယာ၊ ဆယ်လာ၊ ဟာဘီလာ၊ ဒေးဗစ်ထန်း၊ ဇော်ဝင်းသိန်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦးစတဲ့ အဓိကကစားသမားတွေကို အသုံးပြုခဲ့သလို ဒဂုံစတားအသင်းကလည်း ဆွမ်လမန်၊ ငြိမ်းချမ်း၊ မောင်မောင်ဝင်း၊ သိန်းသန်းဝင်း၊စစ်မုန်း၊ ကိုးသန်းဇော်စတဲ့ ကစားအစုံအလင်နဲ့ ရန်ကုန်အသင်းကို တုံ့ပြန်ကစားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 4-12-1024x683.jpg

ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်အသင်းက ဗလင်စီယာ၊ ဆယ်လာ၊ ဇော်ဝင်းသိန်း၊ ရန်နိုင်ဦးတို့ရဲ့ တွဲလုံးကနေ ဒဂုံစတားအသင်းကို ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် ရန်ကုန်အထာသိတဲ့ ဒဂုံစတားအသင်းရဲ့ ကစားသမားတွေက အကောင်းဆုံးဟန့်တားခဲ့တာကြောင့် မလွယ်ခဲ့ပါဘူး။ ရန်ကုန်အသင်းရဲ့ နည်းပြဟောင်း ဦးမင်းထွန်းလင်း ကိုင်တွယ်နေတဲ့ ဒဂုံစတားအသင်းကတော့ မရှုံးရေးကို အဓိကဦးတည်ကစားသွားခဲ့တာကြောင့် သူတို့ရဲ့ တောင့်တင်းခိုင်မှာတဲ့ ခံစစ်ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒဂုံစတားအသင်းဟာ တန်ပြန်တိုက်စစ်ဆင်မှုအပိုင်းမှာ လိုအပ်ချက်တချို့ရှိခဲ့ပေမယ့် နောက်တန်းက‌တော့ရန်ကုန်အသင်းရဲ့ တိုက်စစ်မှုးတွေဖြစ်တဲ့ ဗလင်စီယာ ၊ ဆယ်လာတို့ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရန်ကုန်ယူနိုက်တက်အသင်းက လိုအပ်နေတဲ့ ဦးဆောင်ဂိုးရရှိဖို့အတွက် ပထမပိုင်းကထက် ပိုမိုတိုက်စစ်ဆင်ကစားနိုင်ခဲ့သလို အပိုင်ဂိုးကန်သွင်းတွေရရှိခဲ့ပေမယ့် ဒဂုံစတားအသင်းရဲ့ ဂိုးသမား ဇင်ညီညီအောင် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒဂုံစတားအသင်းကတော့ လက်ကျန်မိနစ်တွေမှာ ဂိုးမပေးရရေးမတွက် တစ်သင်းလုံးနီးပါး ပိတ်ကစားခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is 3-13-1024x683.jpg

နည်းပြချုပ် မစ္စတာဂတ်ဇီကိုင်တွယ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ အခုပွဲစဉ်မှာ ဒဂုံစတားအသင်းကို အနိုင်မယူခဲ့တဲ့အတွက် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ၆ မှတ်အထိ ကွာ‌ဟသွားပြီဖြစ်တာကြောင့် ရှမ်းယူနိုက်တက်အသင်းက လက်ကျန်ပွဲစဉ်မှာ ရှုံးပွဲ ၂ ပွဲ ကြုံတွေ့မှသာ ချန်ပီယံဆုဖလားကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ ဒဂုံစတားအသင်းကို အနိုင်မယူနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ မြန်မာလိဂ်ပွဲစဉ် ၁၈ အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးတော့ ဒဂုံစတားအသင်းကတော့ အောက်တိုဘာ ၃၀ မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *