April 29, 2024

၁၈.၁၀.၂၀၂၃

Written By Thandar

နိုင်ငံတကာတက္ကသိုလ်ကျောင်းအမည်ခံထားတဲ့ အမှန်အကန်မဟုတ်တဲ့ တက္ကသိုလ်ကျောင်းတွေကို အစိုး ရဘက်က လိုက်လံစိစစ်နေလျှက်ရှိတယ်လို့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအသင်းရဲ့ ဥက္ကဋ္ဌ ဦးနေအုပ်က MTNews Entertainment ကို ပြောပါတယ်။

သူဟာ မကြာခင်က ကျင်းပခဲ့တဲ့ The World Education Expo Myanmar 2023 ပွဲမှာ မြန်မာပြည်က ပညာရေးနဲ့ပတ်သက်ပြီး ခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

“မှန်မှန်ကန်ကန်ဖြစ်အောင်လို့ ကျောင်းတွေကို လိုက်စစ်တဲ့အခါမှာ ဘာတွေသင်နေလဲ။ ဘယ်ကျောင်းတွေနဲ့ ချိတ်ဆက်ထားလဲဆိုတာတွေ၊ ဆရာတွေရဲ့ အရည်အချင်းတွေကို စစ်လိုက်မယ်ဆိုရင် ဒီကျောင်းက အတုလား၊ အစစ်လား၊ အမှန်ပဲလား၊ မမှန်ဘူးလားဆိုတာ ပေါ်လာတယ်။ သူတို့ကို သတ်မှတ်ချက်တွေ လုပ်တော့မှာပါ။ ကျောင်းနဲ့တော့ တူရမယ်။ အခုအားလုံးသိတဲ့ အတိုင်းပဲ။ တိုက်ခန်းလေးတစ်ခန်းငှားပြီးတော့ တက္က သိုလ်ဆိုပြီးဖွင့်နေတာတွေလည်း ရှိတယ်။ ဒါတွေအကုန်လုံးကိုတော့ သူစည်းမျဉ်းထဲဝင်မှ ခွင့်ပြုချက်ပေးတော့မှာပါ။ အစိုးရဆီက ခွင့်ပြုချက်ရပြီဆိုရင် သူကတရားဝင်ကျောင်းဖြစ်သွားပြီ။ မိဘတွေကလည်း ပိုစိတ်ချရပြီပေါ့။ အစိုးရကိုယ်တိုင် အသိအမှတ်ပြုလိုက်ပြီဆိုမှတော့ လိမ်တဲ့ကျောင်းမဟုတ်တော့ဘူး။ အတုအ ယောင် မဟုတ်တော့ဘူးဆိုတာတော့ ရှင်းသွားပြီပေါ့”လို့ ဦးနေအုပ်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အထက်မြန်မာပြည် ၊ အောက်မြန်မာပြည်မှာရှိတဲ့ နိုင်ငံ တကာတက္ကသိုလ်၊ ကျောင်းတွေကို အချက်အလက်တွေသေချာ စိစစ်နိုင်ဖို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းအရေအတွက်ကတော့ အတိအကျမထွက်သေးတဲ့အတွက် မှန်ကန်တဲ့ကျောင်းတွေအနေနဲ့ ကျောင်းမှတ်ပုံတင်ခြင်းကိုတော့ အောက်တိုဘာလကုန်ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“အွန်လိုင်းပေါ်က မြင်တာနဲ့ မိဘတချို့ ကျောင်းတွေကို အစစ်အမှန်လိုထင်ပြီး ထားလိုက်ကြတယ်။ တကယ်တမ်း အောင်လက်မှတ်တွေ ရလာတယ်။ ဘယ်မှအကျုံးမဝင်တော့ မိဘတွေလည်း ငွေကုန်။ ကလေးတွေကလည်း အချိန်ကုန်ဖြစ်ရတာတွေရှိလာတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ နိုင်ငံခြားသားတစ်ယောက်ကို မြင်မိတာနဲ့ တချို့မိဘတွေက ကျောင်းမှန်ကန်တယ်လို့ထင်မြင်မိတာတွေလည်း ရှိကြတယ်။ တကယ်တော့ စစ်ရမယ့် ကျောင်းတွေက အများကြီးလေ။ ဒါပေမယ့် စစစ်ပြီဆိုတာနဲ့ အတုအယောင်တွေကတော့ အလိုလို ပျောက်သွားမှာပါ။ သူတို့မှာ ပြစရာမှ မရှိတာ။ တစ်ကယ်အစစ်အမှန်ကျောင်းတွေပဲ ကျန်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *