၁၈. ၁၀. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံသား ၁၃၅ ဦးသည် မြန်မာအပါအဝင် ပြည်ပနိုင်ငံများတွင် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုများကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံထားရကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှား လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Comm Fadil Marsus က မလေးရှားနိုင်ငံသား အမျိုးသား ၁၁၇ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့သည် ပြည်ပနိုင်ငံများရှိ အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်သောဂိုဏ်းများ၊ လူလိမ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည်ဟု ဆိုသည်။

အဆိုပါ မလေးရှားနိုင်ငံသား ၁၃၅ ဦးအနက် ၅၅ ရာခိုင်နှုန်းခန့်က မြန်မာနိုင်ငံတွင်အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများလက်ထဲတွင်ရောက်ရှိနေပြီး ကျန် ၄၅ ရာခိုင်နှုန်းက လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေကြောင်း သိရသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလအထိ လူကုန်ကူးဂိုဏ်းများ၊ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲသို့ ရောက်ရှိနေသည့် မလေးရှားနိုင်ငံသား ၃၉၆ ဦးနှင့်ပတ်သက်ပြီး တိုင်ကြားစာ ၃၀၈ ခုကို လက်ခံရရှိခဲ့ကြောင်း ၎င်းကပြောသည်။ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများလက်ထဲတွင်ရောက်ရှိနေသူ ၃၉၆ ဦးအနက်၂၆၁ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် မလေးရှားနိုင်ငံသား ၁၃၅ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

တရုတ်အစိုးရသည် ၎င်းတို့နိုင်ငံတွင် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများအသုံးပြုကာလိမ်လည်နေသည့်ဂိုဏ်းများကို ဖြိုခွင်းလိုက်ပြီးနောက် အဆိုပါဂိုဏ်းများသည် မြန်မာနိုင်ငံ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ဘက်ခြမ်းကို ရှောင်တိမ်းကာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ၊ရာဇဝတ်မှုများ ထပ်မံကျူးလွန်နေကြောင်း သိရသည်။

Ref; asianews.

Leave a Reply

Your email address will not be published. Required fields are marked *