၁၃. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပဲခူးမြို့ပေါ်မှာ ရေပြန်ကျသွားပေမဲ့ အတွင်းပိုင်းရပ်ကွက်တွေမှာတော့ ဒီနေ့မနက်အထိ ရေမကျဆင်းသေးဘဲ ဒီရက်ပိုင်းမှသာ လူ့တစ်ရပ်မမြုပ်တဲ့ အနေအထားကို ရေပြန်ကျလာတာဖြစ်လို့ အကူအညီတွေ ဆက်လက်လိုအပ်နေ​ဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးအသင်းတွေ လာရောက်ကူညီထောက်ပံ့ပေးခဲ့ပေမဲ့ လက်ရှိမှာတော့ မြို့ပေါ်မှာ ရေပြန်ကျသွားတာဖြစ်လို့ ကူညီမှုတွေလည်း ပုံမှန်ထက်လျော့နည်းလာပါပြီ။ မြို့ပေါ်မှာ ရေပြန်ကျသွားတာဖြစ်လို့ အများအမြင်မှာတော့ ပဲခူးရေဘေးအတွက် စိတ်သက်သာမှုတွေ ရရှိခဲ့တာပါ။ အောက်တိုဘာ ၁၃ ရက်မှာ MT News သတင်းဌာနအနေနဲ့ ရေပြန်မကျသေးတဲ့ အတွင်းပိုင်းရပ်ကွက်တချို့ကို သွားရောက် လေ့လာခဲ့ပြီး သူတို့ရဲ့အခြေအနေတွေကို ကြည့်ရှုခဲ့ပါတယ်။

“ရေကြီးတာများတုန်းကလည်း လာကူညီတဲ့သူတွေက လမ်းပန်းဆက်သွယ်ရေးကြောင့် မြို့ပေါ်ကတင် ပြန်သွားတယ်။ အခုမြို့ပေါ်မှာ ရေပြန်ကျသွားတော့ လာတာနည်းတဲ့အပြင် ဒီလိုအတွင်းပိုင်းတွေမှာ ကူညီမှုလေးတွေ လိုနေသေးတယ်ဆိုတာကို သိစေချင်ပါတယ်။ အခုလာတဲ့သူတွေလည်း အမြင်ပဲလေ”လို့ အိုးလေးစု အောက်ချိုင့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာ ကုန်မြင့်ပိုင်းတွေဖြစ်တဲ့ ရွှေသာလျောင်းဘုရားဘက်မှာရှိတဲ့ ကုန်းမြင့်ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် အနယ်နယ်အရပ်ရပ်ကနေ လာရောက်ကူညီတဲ့ ဆန်၊ ဆီ၊ ကြက်ဥ၊ ကုန်ခြောက်နဲ့ နေ့လည်စာအတွက် ထမင်းထုပ်တွေကို
စည်းကမ်းတကျနဲ့ ဆရာတော်ကြီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ကာ နာမည်စာရင်းတွေနဲ့ ခွဲဝေပေးနေတာဖြစ်ပါတယ်။

ပဲခူးမြို့ရဲ့ အတွင်းပိုင်းရပ်ကွက်တွေက မိုးရာသီတိုင်း ရေကြီးလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ စံချိန်တင်ရေကြီးခဲ့တာကြောင့် တစ်ထပ်အိမ်တွေ ခေါင်မြုပ်တဲ့အထိ ရေကြီးခဲ့တာဖြစ်လို့ ရေနစ်မြုပ်သွားတဲ့အိမ်တွေက ရပ်ကွက်အတွင်း နှစ်ထပ်အိမ်တွေရဲ့ အပေါ်ထပ်တွေမှာ စုပေါင်းနေထိုင်ခဲ့ကြရတယ်လို့လည်း သိခဲ့ရပါတယ်။

“ပုံမှန်ဆိုရင် ဒီမှာက ဒူးလောက်အထိတော့ မိုးရာသီမှာ မြုပ်တာပါပဲ။ ဒီနှစ်က အိမ်ခေါင်တွေပါမြုပ်တာ ၁၂ ပေအထက်လောက်ပေါ့။ အခုတောင် တချို့နေရာပေါ့။ ချိုင့်ရှိတဲ့နေရာဆို ၆ ပေကျော်လောက် ရေကျန်သေးတယ်။ နည်းနည်းမြင့်တဲ့အပိုင်းတွေ ရေမြုပ်နေပေမဲ့ လူအရပ်လွတ်တော့ လမ်းလျှောက်လို့တော့ ရနေပြီ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

အကူအညီတွေ လိုအပ်နေပါသေးတယ်လို့ အိမ်အပေါ်ထပ်က လှမ်းအော်ပြောတဲ့သူတွေကိုလည်း တွေ့ခဲ့ရသလို ဓာတ်ပုံလာရိုက်တဲ့သူတွေကို ရပ်ကွက်နေပြည်သူတချို့ကတော့ မျက်နှာငယ်နဲ့ အကူညီရလို့ရငြား ကြည့်နေတာကလည်း စိတ်မကောင်းစရာ မြင်ကွင်းပါပဲ။
 
ပဲခူးတိုင်းနဲ့ ပဲခူးမြို့ ရေကြီးမှုကစံချိန်တင်ဖြစ်သလို လူဦးရေကလည်း ရေဘေးကယ်ဆယ်ရေးစခန်း ၄၇ ခုမှာ ရေဘေးသင့်ပြည်သူ ၂၇၀၀၀ ကျော်ရှိနေတာပါ။  ကယ်ဆယ်ရေးစခန်းတွေရဲ့ တာဝန်ရှိသူတွေ ပြောပြချက်အရတော့ အကူအညီရတာနဲ့ သူတို့မှာ စာရင်းရှိတာတွေကိုပဲ စာရင်းအတိအကျဖြစ်အောင်ပဲ ဆောင်ရွက်နိုင်သေးတာဖြစ်ပါတယ်။ တချို့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေဆို အခုအကူအညီရနေတဲ့သူတွေထက် ပိုဒုက္ခရောက်နေတာသိပေမဲ့ အခြေအနေအရ မဆောင်ရွက်နိုင်ခဲ့တာတွေလည်း ရှိတယ်လို့ သိခဲ့ရပါတယ်။

ပဲခူးမြို့အပြင်ဘက် ပဲခူးကနေ သနပ်ပင်ဆီ သွားရာလမ်းတစ်လျှောက်မှာလည်း လမ်းဘေးဝဲ/ယာမှာရှိတဲ့ ရိတ်သိမ်းခါနီးစပါးတွေ ‌ရေနစ်မြုပ်ကုန်လို့ ပျက်စီးဆုံးရှုံးမှုတွေ၊ စပါးခင်းက ပင်လယ်ပြင်အလား ထင်ရအောင် ရေမြုပ်ခဲ့တာမြင်ခဲ့ရတာမို့ အနီးအနားက ကျေးရွာတွေအဖို့တော့ ဒီ ရေကြီးဒဏ်ဟာ စီးပွားပျက်သွားနိုင်လောက်တဲ့အထိ ဆိုးရွားခဲ့တာလည်း ဖြစ်ပါတယ်။

တကယ်ဆိုရင် ပဲခူးဟာ စပါးတွေ၊ သီးနှံတွေ ဧကသိန်း ၅၀ လောက် စိုက်ပျိုးထုတ်လုပ်ရာဒေသပါ။ ရေတွေကျသွားပြီဆိုတဲ့နောက်မှာ ရေနစ်မြုပ်ခဲ့တဲ့စပါးခင်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ အခြေပျက်သွားတဲ့ သီးနှံစိုက်ပျိုးသူတွေအတွက်တော့ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကူညီမှုတွေ အများအပြားလိုအပ်လာဦးမှာဖြစ်ပေမဲ့ လက်ရှိအချိန်ထိတော့ ဒီလိုမျိုး ထိခိုက်ပျက်စီးစာရင်းတွေက ထွက်မလာသေးဘဲ မြို့ပေါ်ရေကျသွားရုံနဲ့ ထမင်းထုပ်ဝေ၊ သန့်ရှင်းရေးလုပ်ရုံ၊ လူတွေနေရာရွှေ့ပေးရုံနဲ့ အရာရာအဆင်ပြေသွားသလို မြင်ကွင်းတွေပဲမြင်ခဲ့ရပြီး နောက်ကွယ်မှာတော့…..။

ပုံစာ။ အောက်တိုဘာ ၁၃ ရက်က တွေ့မြင်ရသော ပဲခူးမြို့ အတွင်းပိုင်းရပ်ကွက်နဲ့ ရွှေသာလျောင်းဘုရားဘက်ရှိ ကယ်ဆယ်ရေးစခန်းများကို တွေ့ရစဉ် (Photo- Nyein Kyaw)

Leave a Reply

Your email address will not be published. Required fields are marked *