◾️ အစ္စရေးကို ထောက်ခံကြတဲ့ ဖျော်ဖြေရေးသမားတွေ ပရိသတ်အချို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ

၁၃. ၁၀. ၂၀၂၃
Written by Pan Ei

Wonder Woman အဖြစ် ကျော်ကြားတဲ့ အစ္စရေးမင်းသမီး Gal Gadot၊ Michael Douglas နဲ့ Jerry Seinfeld တို့အပါအဝင် ဖျော်ဖြေရေးနယ်ပယ်က လူပေါင်း ၇၀၀ ကျော်ဟာ ဟားမားစ်နဲ့ အစ္စရေး ပဋိပက္ခမှာ အစ္စရေးကို ထောက်ခံကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Creative Community for Peace က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပြီး အစ္စရေးကို ထောက်ခံကြတဲ့ ဖျော်ဖြေရေးသမားတွေဟာလည်း ပရိသတ်အချို့ဆီကနေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အကျိုးအမြတ်မယူတဲ့ ဖျော်ဖြေရေး လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CCFP ရဲ့ အိတ်ဖွင့်ပေးစာမှာ “ဖျော်ဖြေရေးနယ်ပယ်မှ အစ္စရေးအား ထောက်ခံကြောင်းနဲ့ ဟားမတ်စ်ရဲ့အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချတယ်” ဆိုတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် အနုပညာရှင်အချို့က အစ္စရေးနိုင်ငံအတွက် ထောက်ခံကြောင်း ဆိုရှယ်မီဒီယာပေါ် မျှဝေမှုတွေ ရှိခဲ့ရာမှာလည်း ပရိသတ်အချို့က ပါလက်စတိုင်းတွေကို ထောက်ခံသင့်ကြောင်းနဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး သေချာမသိသူတွေလို့ဆိုကာ အစ္စရေးကို ထောက်ခံကြတဲ့ အနုပညာရှင်တွေကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-13_12-59-16-1024x768.jpg

ဆိုရှယ်မီဒီယာပေါ်မှာ အစ္စရေးကို ထောက်ခံအားပေးခဲ့တဲ့ နာမည်ကြီးတွေထဲမှာ Madonna၊ Gal Gadot၊ Nina Dobrev၊ Sofia Richie၊ Ashley Tisdale နဲ့ Kylie Jenner စသဖြင့် နာမည်ကြီးပေါင်းများစွာ ပါဝင်ပါတယ်။

နာမည်ကြီး ပေါ့ပ်အဆိုတော် Justin Bieber ကလည်း သူ့ရဲ့အင်စတာဂရမ်စတိုရီမှာ ဂါဇာကမ်းမြောင်ဒေသ ဖျက်ဆီးခံထားရတဲ့ အပျက်အစီးပုံနဲ့အတူ အစ္စရေးအတွက် ဆုတောင်းပေးနေကြောင်း တင်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး အင်တာနက်သုံးစွဲသူတွေက သူ့ရဲ့ အခြေအနေအပေါ် နားလည်မှုကို မေးခွန်းထုတ်ခဲ့ကြပြီး “ရှက်စရာပဲ၊ မင်းဘာပြောနေမှန်းကို မသိရင် ဘာမှမပြောနဲ့” လို့မှတ်ချက်ပေးခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောကြားခဲ့သလို အစ္စရေးရဲ့ အများပြည်သူဆိုင်ရာ ရုပ်သံလွှင့်ဌာန Kan က အစ္စရေးမှာ သေဆုံးသူဦးရေအရေအတွက် ၁၃၀၀ ကျော်အထိ မြင့်တက်လာခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref; Reuters, Insider, Marca

Leave a Reply

Your email address will not be published. Required fields are marked *