◼️အစ္စရေး-ဟားမားစ်စစ်ပွဲ၌ သေဆုံးသူ အမေရိကန်နိုင်ငံသား ၂၇ ဦးရှိလာ

၁၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးအစိုးရက ကုလသမဂ္ဂဝန်ထမ်းများအပါအဝင် ဂါဇာမြောက်ပိုင်းဒေသတွင် နေထိုင်သူ ပါလက်စတိုင်း ၁ ဒသမ ၁ သန်းခန့်ကို ဂါဇာဒေသတောင်ပိုင်းသို့ ၂၄ နာရီအတွင်း ရွှေ့ပြောင်းပေးစေလိုကြောင်း ကုလသမဂ္ဂသို့အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် အကြောင်းကြားခဲ့ရာ အစ္စရေးအနေဖြင့် မြေပြင်စစ်ဆင်ရေးတစ်ခုမကြာမီဆင်နွှဲလာနိုင်သည်ဟု စိုးရိမ်ထိတ်လန့်နေကြကြောင်းကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောခဲ့သည်။

ဟားမားစ်တို့က အစ္စရေးတို့၏ ဂါဇာကမ်းမြောင်ဒေသအတွင်း အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းအား ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စွပ်စွဲပြောကြားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၅၀၀ ဦးခန့်အပါအဝင် ပါလက်စတိုင်း ၁,၅၃၇ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး ၆,၆၁၂ ဦး ဒဏ်ရာရခဲ့ပြီဖြစ်ကြောင်း၊ အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသတွင်လည်း ပါလက်စတိုင်း ၃၁ ဦးအနည်းဆုံးသေဆုံးကာ ၆၀၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။

ထို့အတူတရားဝင်ကြေညာချက်များအရ စစ်ပွဲ ခုနှစ်ရက်မြောက်လာသည့် အောက်တိုဘာ ၁၃ ရက်အထိ အစ္စရေးနိုင်ငံအတွင်းသေဆုံးသူ ဦးရေမှာလည်းအနည်းဆုံး ၁,၃၀၀ ဦးအထိရှိကာ ဒဏ်ရာရသူစုစုပေါင်း အနည်းဆုံး ၃,၂၀၀ ရှိပြီဟု သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-13_12-31-47.jpg

ထိုအတောအတွင်း ဟားမားစ် တာဝန်ရှိသူတစ်ဦးကမူ အစ္စရေးက ဂါဇာမြောက်ပိုင်းနေပြည်သူများကို ရွှေ့ပြောင်းပေးရန်ပြောကြားလာသည်ဆိုသော ကုလသမဂ္ဂ၏ပြောကြားချက်က အတုအယောင် ဝါဒဖြန့် ချိမှုသာ ဖြစ်ပြီး ဂါဇာရှိ ပါလက်စတိုင်းတို့အနေဖြင့် ထိုစကားကို နားမယောင်ကြရန် ၎င်းကပြောခဲ့သည်။

အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း သေဆုံးခဲ့ရသော နိုင်ငံခြားသားများအနက် အမေရိကန်နိုင်ငံသားများက အများဆုံးဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်ထိ ၂၇ ဦးသေဆုံးကာ ၁၄ ဦးပျောက်ဆုံးနေကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

ဂျော်ဒန်နိုင်ငံ၊ ဘေရွတ်မြို့သို့ရောက်ရှိလာသော အီရန်နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမာ အဗ္ဗဒိုလာဟိန်က အစ္စရေးအနေဖြင့် ဂါဇာသို့ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပါက စစ်ပွဲတွင် နောက်ထပ် စစ်မျက်နှာအသစ်များ ပွင့်လာနိုင်ကြောင်း ပြောခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဒေသတွင်းခရီးစဉ်၏ ဒုတိယနေ့ဖြစ်သော အောက်တိုဘာ ၁၃ ရက်တွင် ဂျော်ဒန်သို့ အစ္စရေးနိုင်ငံမှတစ်ဆင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၎င်းက ဂျော်ဒန်နိုင်ငံမှတစ်ဆင့် အခြားအာရပ်နိုင်ငံများဖြစ်သော ကာတာ၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် အီဂျစ်တို့သို့သွားရောက်မည်ဟုလည်း သိရသည်။

Ref—— Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *

Related News