၁၃. ၁၀. ၂၀၂၃
Written by Peya
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဟိုနမ့်ကျေးရွာရှိ အခြေခံပညာမူလတန်းတွင် ပညာသင်ကြားနေသော အသက် ၇ နှစ်အရွယ် Grade 1 ကျောင်းသူ ကလေးငယ်ကို စာမရသောကြောင့်ဟုဆိုကာ ဆရာမက ရိုက်နှက်သည့်အတွက် အပြင်းအထန်ဒဏ်ရာရ၍ ဆေးရုံတင်ထားရကြောင်း ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ကလေးငယ်မှာ ကျန်းမာရေး မကောင်းသည့်အတွက် သုံးရက်ခန့် ကျောင်းမသွားနိုင်ခဲ့ဘဲ အောက်တိုဘာ ၉ ရက်မှ နေကောင်းသည့်အတွက် ကျောင်းသွားခဲ့ခြင်းဖြစ်ကာ စာမေးပွဲနီးပြီ ဖြစ်သည့်အတွက် စာမေးရာတွင် မရသောကြောင့် ဆရာမက စိတ်တိုပြီး ခေါင်းကို တုတ်ဖြင့် ရိုက်ခြင်း၊ ကန်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အရိုက်ခံရပြီးနောက် ကျောင်းဆင်းချိန်တွင် မူးဝေနေသည့်အတွက် တစ်ယောက်တည်း အိမ်သို့ပင် မပြန်နိုင်တော့သောကြောင့် သူငယ်ချင်းများက အိမ်တွင်ကျန်ခဲ့သူ အဖိုးကို အသိပေး၍ ကလေးကို သွားခေါ်ခဲ့ကာ အိမ်တွင်လည်း အစာမစားဘဲ ခေါင်းမူးသည်ဟုသာ ပြောနေသည့်အတွက် ခိုလမ်မြို့ ကုတင် ၈၀ စစ်ဆေးရုံသို့ အောက်တိုဘာ ၁၀ ရက်တွင် ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကလေးက စရောက်တဲ့နေ့က အခြေအနေတော်တော် ဆိုးတယ် ပြောတယ်။ (သွားကြည့်တဲ့) မနေ့ကတော့ အခြေအနေ တော်တော်သက်သာလာပါပြီ။ ခေါင်းယောင်တာလည်း ကျပါပြီ။ ဆွေမျိုးတွေ ပြောပြချက်အရ ပထမဆုံး ခြေထောက်နဲ့ လေးငါးချက် ကန်တယ်။ ပြီးတော့မှ ခေါင်းကို တုတ်နဲ့ ရိုက်တယ်။ ခေါင်းကို တုတ်နဲ့ ရိုက်တာက အာရုံကြော ထိမိသွားလို့လား မသိဘူး။ မျက်လုံးတွေ၊ နားတွေ၊ မျက်နှာတွေ ညိုမည်းတာ ဖြစ်လာတယ်လို့ ပြောပါတယ်။ ဆရာဝန်ကတော့ ပြောတယ်။ ဒီကလေးမှာ အော့အန်တာတွေ၊ ခေါင်းမူးတာတွေ၊ ဗိုက်နာတာတွေ ဆက်ဖြစ်နေမယ်ဆို ခိုလမ်မှာ ကုမရဘူး။ တခြားမြို့နယ် လွှဲမယ် ပြောပါတယ်။ ဒီနေ့ အခြေအနေက ပိုပြီး သက်သာလာတယ်ပြောပါတယ်” ဟု အထက်ပါ ကူညီဆောင်ရွက်ပေးသူက ဆိုသည်။

