၁၃. ၁၀. ၂၀၂၃
Written by Peya
မလေးရှားတွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ကွမ်းယာစားစဉ် မကြေညက်သဖြင့် လေပြွန်ပိတ်ပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သေဆုံးသူမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်တိုင်ကျေးရွာမှလာပြီး မလေးရှားနိုင်ငံ ကလန်းမြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သူ အသက် ၂၇ နှစ်အရွယ် ကိုမိုးဒီ (ခ) မောင်မောင်ထွန်း ဖြစ်ကြောင်း သိရသည်။
“အလုပ်ကနေ ပြန်လာတာပေါ့။ ကွမ်းယာစားပြီးတော့ သူငယ်ချင်းတွေနဲ့ စကားပြောလာတာ။ အဲ့ဒီမှာ ကွမ်းယာက မညက်တော့ လေပြွန်ပိတ်ပြီး ရုတ်တရက် အသက်ရှုကျပ်သွားတာပါ။ ဒါကြောင့် ဆေးရုံကို ချက်ချင်း ပို့ကြပေမယ့် သေဆုံးသွားခဲ့ပါတယ်” ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကျန်ရစ်သောခန္ဓာကိုယ်ကို အောက်တိုဘာ ၁၄ ရက် နေ့လယ် ၂ နာရီအချိန် မလေးရှားနိုင်ငံ ရှားလမ်းမြို့ Bliss Garden ချဲရပ်သုသာန်တွင်ရှိသော မီးသင်္ဂြိုလ်စက်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း သိရသည်။
